စျေးကွက်ထဲမှာ ဂိုးသမားသစ် ရှာပုံတော် ဖွင့်နေဆဲ မန်ချက်စတာ ယူနိုက်တက်

ဇူလိုင်၊ ၃

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စျေးကွက်ထဲမှာ ဂိုးသမားသစ် တဦးကို အသည်းအသန် ရှာဖွေနေဆဲလို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဝါရင့် ဂိုးသမား ဒေးဗစ် ဒဟေးယားနဲ့ စာချုပ်သက်တမ်း ဆက်မတိုးဖို့ ဆုံးဖြတ်ခဲ့တဲ့နောက် ရေရှည် အားကိုးရမယ့် အစားထိုး ပစ်မှတ်မျိုးကို လိုက်ရှာနေတာပါ။ ယူနိုက်တက်ရဲ့ မန်နေဂျာ အဲရစ်တန်ဟက်ဂ်ဟာ အသင်းရဲ့ ကစားကွက်ကို ပါဝင် ကူညီ ဖြည့်ဆင်းပေးနိုင်မယ့် ဂိုးသမားသစ် တဦးကို ရှာဖွေနေပါတယ်။ ဒဟေးယားဟာ ဂိုးဖမ်းစွမ်းရည် ကောင်းမွန်ပေမယ့် ကစားကွက်မှာ ထဲထဲဝင်ဝင် ပါဝင်နိုင်စွမ်း မရှိတဲ့အပေါ် ဝေဖန်မှုတွေ ကြုံခဲ့ရပါတယ်။

သတင်းတွေအရ ယူနိုက်တက်ဟာ အင်တာမီလန်ရဲ့ ကင်မရွန်း လက်ရွေးစင် ဂိုးသမား အန်ဒရီ အိုနာနာက စိတ်ဝင်စားနေပေမယ့် အီတလီ ကလပ်ရဲ့ ခေါ်စျေး မြင့်မားမှုကြောင့် အခက်ကြုံနေတယ်လို့ သိရပါတယ်။ အိုနာနာဟာ နယ်သာလန်ကလပ် အိုင်းယက်စ် အမ်စတာဒမ် အသင်းမှာ တန်ဟက်ဂ်နဲ့ လက်တွဲခဲ့ဖူးပါတယ်။

သတင်းတွေအရ ယူနိုက်တက်ဟာ ပြောင်းရွှေ့ကြေး အသုံးစရိတ် ကန့်သတ်ချက် ကြီးကြီးမားမား ရှိနေပြီး ချဲလ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ကို စတာလင်ပေါင် သန်း ၆၀ နဲ့ ခေါ်ယူဖို့ သဘောတူညီပြီးချိန်မှာ ဂိုးသမား နေရာအတွက် ငွေများများ ထပ်သုံးဖို့ တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။

အိုနာနာနဲ့ အပြောင်းအရွှေ့ကိစ္စ အဆင်မပြေရင် ယူနိုက်တက်ဟာ ဖိုင်ယန်နော့ဒ် အသင်းရဲ့ နယ်သာလန် လက်ရွေးစင် ဂိုးသမား ဂျက်စတင် ဘစ်ဂျ်လိုကို ချိတ်ဆက်လာမယ့် အလားအလာတွေ ရှိနေသလို ပြီးခဲ့တဲ့ ရာသီတုန်းက နော်တင်ဟမ် ဖောရက်စ်ဆီ အငှားချခဲ့တဲ့ အင်္ဂလန် ဂိုးသမား ဒင်းန်ဟန်ဒါဆန်ကို နေရာပေးလာနိုင်တယ်လို့လည်း ဗြိတိန် မီဒီယာတွေက သုံးသပ်ထားပါတယ်။

ဒါ့အပြင် အသင်းဟာ အသက် ၃၂ နှစ်အရွယ် ဒဟေးယားကို လုပ်ခလစာ လျှော့ပေါ့ပြီး သက်တမ်းတိုး စာချုပ်နိုင်ဖို့လည်း ဆက်လက် ဆွေးနွေးနေဆဲလို့ သိရပါတယ်။

 

Ref: Goal