ဇူလိုင်၊ ၂
နိုင်ငံတဝှမ်းက ပြည်သူ့အခြေပြု စာသင်ကျောင်းတွေနဲ့ စစ်ရှောင်စခန်းတွေမှာ ဗုံးခိုကျင်း တထောင်ကျော် တူးဖော်ပေးထားနိုင်ခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန က ဇူလိုင်လ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် ” CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ ” အစီအစဉ်ကနေ ရလာတဲ့ ရန်ပုံငွေဆောင်ရွက်တာလို့ ဆိုပါတယ်။
အဲဒီရန်ပုံငွေနဲ့ ပြည်သူ့အခြေပြု စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်း ၈၃၆ ကျင်း တူးဖော်ပေးနိုင်ခဲ့ပြီး အခုဇွန်လအတွင်းမှာတော့ စာသင်ကျောင်းတွေအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်း တို့က စစ်ဘေးရှောင်တွေအတွက်ပါ ဗုံးခိုကျင်း ၃၃၉ ကျင်း တူးဖော်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒါကြောင့် လက်ရှိမှာတော့ ဗုံးခိုကျင်း ၁၁၇၅ ကျင်း တူးဖော်ပေးထားနိုင်ခဲ့ပြီလို့ သိရပြီး အဲဒီအရေအတွက်ဟာ စစ်အာဏာသိမ်းပြီးကာလကနေ အခုအချိန်အထိလား ဒါမှဟုတ် အခုနှစ် ၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်းလား ဆိုတာကိုတော့ မသိရပါဘူး။
အရပ်သားပြည်သူတွေ အထူးသဖြင့် စစ်ရှောင်ပြည်သူတွေ ယာယီပုန်းခိုနိုင်ဖို့ အခုလို ဗုံးခိုကျင်းတွေ တူးဖော်နိုင်အောင် အလှူရှင်တွေရဲ့ ရန်ပုံငွေထည့်ဝင်မှုနဲ့အတူ မြေပြင်ကလူထုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကို ခံရလေ့ရှိတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာတချို့မှာလည်း ဗုံးခိုကျင်းတွေ တူးထားကြဖို့ကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၃၀ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကိုယောမာန်ကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ ဗုံးခိုကျင်းတွေက ပြည်သူတွေ အသက်အန္တရာယ်လုံခြုံရေးအတွက် အထူးအရေးပါတယ်လို့ ပြောပါတယ်။
” ဗုံးခိုကျင်းတွေ မရှိတော့ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ လာပစ်ရင် ဒေသခံတွေက ခြေဦးတည့်ရာ ပြေးရတာ၊ အဲလိုပြေးပြီး အိမ်နောက်ဖေးတွေ၊ သစ်ပင်တွေနောက်မှာ ပုန်းနေရုံနဲ့က ဘယ်လုံခြုံမလဲ၊ ဗုံးခိုကျင်းတွေ တူးထားတော့ ပုန်းဖို့လည်း အဆင်သင့်ဖြစ် ပိုပြီးလည်း လုံခြုံတာပေါ့၊ ကျနော်တို့ဘက်မှာတော့ ဗုံးခိုကျင်းတူတာက ကိုယ်ထူကိုယ်ထပဲ လုပ်ကြတာများတယ် ” လို့ ကိုယောမာန်က DNA ကို ပြောပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးအချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ နှစ်နှစ်ကျော်ကာလအတွင်း လေကြောင်းကနေ တိုက်ခိုက်မှု ၁၄၂၇ ကြိမ်လုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သား ၆၃၄ ဦး သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မေလ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – MOHADM