ဇူလိုင် ၊ ၂
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှာ မြို့နယ်ဆေးရုံကြီးက ဆေးရုံသုံးပစ္စည်းတွေ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့အကြောင်းကို လူမှုကွန်ရက်ပေါ်မှာ ပုံနဲ့တကွရေးသားဖော်ပြထားတဲ့ ပရဟိတအဖွဲ့ဝင်တဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ မနေ့ဇူလိုင် ၁ရက်နေ့မှာ မြို့ခံပရဟိတအသင်းတခုက သေဆုံးသူရုပ်အလောင်းတခုကို ဆေးရုံကြီး
ရင်ခွဲရုံကိုပို့ဆောင်ဖို့သွားရာနေ ဆေးရုံဝန်းအတွင်းက လမ်းမှာ ဆေးရုံသုံးပစ္စည်းတွေကို စွန့်ပစ်ထားတာတွေကိုတွေ့ရှိပြီး ကူးဆက်ရောဂါတွေဖြစ်နိုင်ကြောင်း ဖြေရှင်းဖို့လိုကြောင်းပရဟိတအဖွဲ့ဝင်တဦးက လူမှုကွန်ရက်မှာရေးသားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဖမ်းဆီးခံရသူဟာ ပန်းတောင်းမြို့ ငြိမ်းချမ်းရှင်နာရေးကူညီမှုအသင်းက ကိုဝင်းဦးဆိုသူဖြစ်ပြီး မနေ့ဇူလိုင် ၁ ရက်ညပိုင်းမှာပဲဖမ်းဆီးသွားတာလို့သိရပါတယ်။
သူဖမ်းဆီးမခံရခင်မှာလည်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်တွေကနေ ဖမ်းဆီးဖို့လှုံ့ဆော်မှုတွေလုပ်ခဲ့ပြီး နာရီပိုင်းအတွင်းအဖမ်းခံလိုက်ရတာလို့ မြို့ခံတွေကပြောဆိုကြပါတယ်။
‘’ ညကဖမ်းသွားတာ၊ အခုထိလွတ်လာတယ်လို့မကြားသေးဘူး။ သူ့ဖေ့ဘွတ်ခ်မှာတင်ထားတဲ့ပိုစ့်နဲ့ သတင်းဌာနမှာတင်တဲ့ပိုစ့်တူတယ်သတင်းပို့တယ်ဆိုပြီးဖမ်းလိုက်တာပါ။ အခုတော့ ပန်းတောင်းရဲစခန်းမှာခေါ်ထားတယ်လို့ သိရပါတယ်’’ လို့ပန်းတောင်းမြို့နယ် မင်းရပ် ရပ်ကွက်မှာနေထိူင်သူတဦးက DNA ကိုပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာ ပရဟိတအသင်းတွေကို တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ချုပ်ကိုင်ထားတာကြောင့် ကူညီရေးတွေလုပ်ဆောင်ရာမှာလည်း အခက်အခဲတွေအများကြီးရှိနေတယ်လို့လည်း ပရဟိတအသင်းတွေဘက်ကပြောပါတယ်။
‘’ ရဲအရေးပိုင်တဲ့ ထိခိုက်သေဆုံးသူတွေရှိရင် အသင်းရဲ့စာမျက်နှာမှာလည်းတင်လို့မရဘူး။ ဘာပဲဖြစ်ဖြစ်တာဝန်ရှိသူကိုတင်ပြရမယ်ဆိုတာချည်းပဲခဏခဏပြောတယ်’’ လို့လည်း ပြည်ခရိုင်ထဲကပရဟိတအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီလထဲမှာလည်း သပိတ်စစ်ကြောင်းမှာ စစ်ကောင်စီဘက်ကပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တဲ့ လူငယ်နှစ်ဦးရဲ့နာရေးကို ဦးဆောင်းကျင်းပတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်မြို့က မိုးမေတ္တာနာရေးကူညီမှုအသင်းကိုလည်း စစ်ကောင်စီကဖျက်သိမ်းခဲ့ပြီး အဖွဲ့ဝင်နှစ်ဦးကိုထောင်ချတဲ့ ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ မြို့ခံတွေကပြောဆိုကြပါတယ်။