မန္တလေးမှာ ယဉ်ထိန်းရဲတဦး ပစ်ခတ်ခံရလို့ သေဆုံး

ဇူလိုင် ၊၁ 

 မန္တလေး အောင်မြေသာစံမြို့နယ်မှာအရပ်ဝတ်နဲ့ ဆိုင်ကယ်စီးနင်းလာတဲ့ ယာဉ်ထိန်းရဲတစ်ဦးပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

 ဒီကနေ့ ညနေပိုင်းက မဟာဇေယျာဘုံရပ်ကွက် ၂၆ လမ်း ၆၃ လမ်းနဲ့ ၆၂ လမ်းကြားမှာစကိုးဖီဆိုင်ကယ်နဲ့  ၂၆လမ်းအတိုင်း အရှေ့ကနေ အနောက်ကိုမောင်းနှင်လာတဲ့ ယာဉ်ထိန်းရဲကို အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့သုံး ချက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

 အဲဒီပစ်ခတ်မှုကြောင့် စစ်အုပ်စုလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှဒုတပ်ကြပ်ဆိုသူ သေနတ်နှစ်ချက်ထိမှန်ခဲ့လို့နေရာမှာတင်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

 “ အခုဖြစ်တဲ့နားက အမှတ် ၃ ရဲစခန်းနဲ့ သိပ်မဝေးဘူးဗျ၊ ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့်မှာလည်း မော်တော်ပီကယ်တွေစစ်ဆေးတာတွေလုပ်တတ်တယ်၊ကြည့်ရတာအဲဒီနားကိုပြန်လာတာနဲ့တူတယ်၊အပစ်ခံရပြီးနောက်တော့ စစ်တပ်ကကားနဲ့ရောက်လာပြီး စစ်ဆေးတာတွေလုပ်တယ်၊အလောင်းကိုတော့ လူနာတင်ယဉ်နဲ့ပြန်သယ်သွားတယ်” လို့ ဒေသခံ တဦးကပြောပါတယ်။

 အဲဒီပစ်ခတ်မှုကိုမည့်သည့်အဖွဲ့ကလုပ်တယ်ဆိုတာ DNA ကသီးခြားအတည်မပြုနိုင်သေးသလို မြို့ပြပြောက်ကျားအဖွဲ့တွေကလည်း ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ပုံစာ မန္တလေးမြို့တွင်းမှာ ယာဉ်စစ်ဆေးမှုလုပ်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)