စစ်တွေမှာ အရပ်ဝတ် လက်နက်ကိုင်အုပ်စုနှစ်ခု အပြန်အလှန်ပစ်ခတ်မှုဖြစ်လို့ သုံးဦးသေ၊ သုံးဦးဒဏ်ရာရ

ဇူလိုင်၊ ၁

 ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာ ဒီကနေ့ နေ့လယ်ပိုင်းက အရပ်ဝတ်လက်နက်ကိုင်အုပ်စုနှစ်ခု အပြန်အလှန် ပစ်ခတ်မှုဖြစ်လို့ သုံး ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရသွားတယ်လို့ မျက်မြင်ဒေသခံတွေကပြောကြပါတယ်။

စစ်တွေတက္ကသိုလ်အနီး တက္ကသိုလ်ဝင်ပေါက်နဲ့ ရ ထားသံလမ်းအကြားမှာဒီကနေ့ နေ့လယ် ၁၂နာရီဝန်းကျင်က  အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 “ကားနဲ့တဖွဲ့၊ ဆိုင်ကယ်နဲ့တဖွဲ့ ဟိုဘက်ဒီဘက် အပြန်အလှန် ပစ်ကြတာ၊ လာမယ်ဆိုတာသိလို့ ကြိုစောင့်နေ ပြီး ပစ်တဲ့ပုံစံပဲ၊သေနတ်အရှည်တွေရော၊ အတိုတွေရော နှစ်ခုလုံးနဲ့ပစ်ကြတယ်၊တဖွဲ့ကALP ရုံးထဲကနေ ထွက် လာ ကြတာလို့ ပြောတယ်၊အကုန်လုံးကတော့ အရပ်ဝတ်တွေနဲ့ပါ”လို့ ဖြစ်စဉ်အနီးမှာ ရှိနေခဲ့သူတဦးက ပြောပါ တယ်။

 အဲဒီပစ်ခတ်မှုအတွင်း ဒဏ်ရာရသူသုံးဦးဟာ စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး သေဆုံးသွားသူတွေဟာ လည်းစစ်တွေဆေးရုံ ရင်ခွဲရုံမှာ ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သေဆုံးသွားသူသုံးဦးဟာ ALP ပါတီ ဝင်တွေဖြစ်တယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောဆိုကြပေမယ့် ဘယ်သူတွေဖြစ်ကြတယ်ဆိုတာကို အတိ အကျမသိရသေးသလို ALP ရဲ့အတည်ပြုချက်လည်း မရသေးပါဘူး။

အဲဒီပစ်ခတ်မှုဟာ ရခိုင့်တပ်တော်(AA)နဲ့ ALP တို့အကြား ဖြစ်ပွားတာလို့ ခန့်မှန်းပြောဆိုမှုတွေ ရှိနေပေမယ့် သက် ဆိုင်ရာတပ်ဖွဲ့တွေဆီ ဆက်သွယ်လို့ မရသေးပါဘူး။

ALP တပ်ဖွဲ့ဝင်တွေဟာ အခုလအတွင်း စစ်တွေမြို့ခံ နှစ်ဦးကို ဖမ်းဆီးချုပ်နှောင်ထားပြီး အခုပစ်ခတ်မှု ဖြစ်တဲ့ နေ ရာအနီးမှာ ရုံးခန်းဖွင့်ဖို့လည်း ပြင်ဆင်နေတာကြောင့် အဲဒီဖြစ်စဉ်တွေနဲ့ အခုပစ်ခတ်မှု ဆက်စပ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းကြပါတယ်။

“ALP က ရုံးဆောက်နေတာတွေကို မကျေနပ်တာတွေလည်း ရှိတယ်လေ၊ပြီးတော့ သူတို့အဖွဲ့က ဖမ်းတာ၊ ဆီး တာ တွေလည်း ရှိတယ်မလား၊ အဲဒါတွေနဲ့ ဆက်စပ်မယ်ထင်တယ်”လို့ စစ်တွေဒေသခံတဦးက ပြောပါတယ်။

အဲဒီပစ်ခတ်မှုအပြီး စစ်တွေမြို့အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့စစ်ဆေးမှုတွေလုပ်ခဲ့ပြီး စစ်တွေမြို့ အထွက် တပ်ထိန်းဂိတ်မှာလည်း တင်းကြပ်တဲ့စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ALP တပ်ဖွဲ့အတွက် စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ ရုံးဖွင့်ပေးထားပြီး တက္ကသိုလ် အနီး ဘုမေရပ်ကွက်မှာပါ နောက်ထပ် ရုံးတရုံးဖွင့်ဖို့ ခွင့်ပြုထားတယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောကြ ပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ(၄)ရက်ကလည်း ALP ရဲ့ စစ်ဦးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီးခိုင် ကျော်စိုးနဲ့ ဗိုလ်ကြီးခိုင်သူရိန္ဓတို့ စစ်တွေမြို့ စက်ရုံစု ရပ်ကွက်မှာ သေနတ်ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး အဲဒီပစ် ခတ်မှုကို AA က ပြုလုပ်တာလို့ ALP က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့်  AA ဘက်ကတော့ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။