စစ်ရေးအရှိန်မြင့်တက်လာတဲ့ ရေးမြို့နယ်မှာစစ်ကောင်စီ ဌာနဆိုင်ရာရုံးအများစုပိတ်ထားရ

ဇူလိုင်၊ ၁

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာအားလုံးနီးပါး တရားဝင်လုပ်ငန်း လည်ပတ်မှု မရှိတော့သလို တချို့ရုံးတွေလည်း ပိတ်ထားလိုက်ရပြီလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါ တယ်။

“အရင်ကတော့ တချို့ရုံးတွေလောက်ပဲ၊ ပိတ်ထားရတာပေါ့၊ အခုနောက်ပိုင်းမှာမှ ရုံးအားလုံးနီးပါးပိတ်ထားရတယ်၊ လုပ်ငန်း လည်ပတ်မှုလည်း မရှိတော့ဘူး၊အဓိက ဒီဘက်မှာ တိုက်ပွဲတွေနဲ့ ရုံးတွေ ခဏခဏတိုက်ခိုက်ခံနေရတဲ့ အ ခြေအနေတွေကြောင့်လို့ ပဲ ပြောရမှာပေါ့။ ပြီးတော့ ရုံးရှေ့တွေမှာလည်း သံဆူးကြိုးတွေနဲ့ ကားထားတာလည်း ရှိတယ်၊ ဖွင့်ထားတာ တခုက ကျန်းမာရေးဌာန ဆေးရုံတွေပဲရှိတယ်” လို့ ရေးမြို့ခံတဦးက DNA ကို ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခံထားတဲ့ ရေးမြို့နယ်ထဲက ရေး၊ လမိုင်း၊ ခေါဇာ စတဲ့ မြို့သုံးမြို့မှာ ဌာနဆိုင်ရာရုံး တွေကို ဖွင့်လှစ်ထားတာဖြစ်ပြီး အဲဒီမြို့ပေါ်တွေမှာ အခြေချဖွင့်ထားတဲ့ ရဲစခန်း၊ ထွေအုပ်၊ လ.ဝ.ကရုံး အစရှိတဲ့ ရုံးတွေကို တော်လှန်ရေးအင်အားစုတွေက ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်တာကြောင့် Non CDM ဝန်ထမ်းတချို့နဲ့ စစ် ကောင်စီအုပ်ချုပ်ရေးတာဝန်ရှိသူတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုနှစ်အစောပိုင်းကစလို့ ရေးမြို့နယ်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ရေးအရှိန်မြှင့်တင်လာတာကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ ခပ်စိပ် စိပ်ဖြစ်နေသလို ပြီးခဲ့တဲ့ဇွန်လ ကုန်ပိုင်းကစလို့ နေ့စဉ်နဲ့အမျှ ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါ တယ်။

ဒါကြောင့် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးတွေအားလုံးကို ပိတ်သိမ်းလိုက်ရတာဖြစ်တယ်လို့ ရေးမြို့နယ် အတွင်းက ဌာနဆိုင်ရာဝန်ထမ်းတဦးက ပြောပါတယ်။

“ အရင်ကတည်းကလည်း ပိတ်ထားတာရှိတယ်၊ ဥပမာ၊ လမိုင်းတို့၊ ခေါဇာတို့ဘက်က ဝန်ထမ်းတွေက ရေးမြို့ ပေါ်က ရုံးမှာလာထိုင် ကြတာပေါ့နော်၊ အခုလည်း ဒီဘက်က ပိုပြီး တိုက်ပွဲပြင်းထန်လာတော့ ရုံးတွေ ပိတ်လိုက် ရတာ၊ ဒါပေမယ့် တချို့အရေးကြီးတဲ့ ကိစ္စ တွေတော့တံခါးပိတ်ပြီး ရုံးထိုင်ကြတာရှိပါတယ်” လို့ သူက ပြောပါ တယ်။

စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စ.ရ.ဖ)ရုံးတွေ၊ရဲစခန်းနဲ့ နယ်မြေရဲစခန်းတွေမှာလည်း နေ့လယ်ခင်းအချိန်တွေမှာ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့အတူ ရုံးအတွင်းမှာ တပ်စွဲထားပြီး လုံခြုံရေးယူထားတာရှိပေမယ့် ညအချိန်တွေမှာတော့ ရေးမြို့နယ် အခြေစိုက် တပ်ရင်းတွေမှာ သွားရောက်နေထိုင်ကြတယ်လို့ ဆိုပါတယ်။

“အုပ်ချုပ်ရေးအပိုင်းလူကြီးတချို့လည်း အခုက တပ်ရင်းတွေမှာပဲ သွားအိပ်နေကြတာ၊ ဒီလိုအောက်ခြေဝန် ထမ်း တွေကတော့ အဆင်ပြေတဲ့ နေရာမှာပဲ နေကြတာပေါ့၊ဝန်ထမ်းတွေလည်း ဖမ်းဆီးသတ်ဖြတ်ခံရတာ ရှိနေတော့ ဘယ်သူမှလည်း အပြင်မသွားရဲပါဘူး ” လို့ အဲဒီဝန်ထမ်းက ဆိုပါတယ်။

တစ်ဘက်မှာလည်း ဒီလိုဌာနဆိုင်ရာရုံးတွေ ပိတ်သိမ်းလိုက်ရတဲ့အခြေအနေတွေကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ ထောက်ခံစာယူ တာ၊ မှတ်ပုံတင်ကိစ္စတွေနဲ့ စာရွက်စာတမ်းကိစ္စတွေမှာ အခက်အခဲရှိလာတယ်လို့ ရေးမြို့ခံတဦးက ပြောပါတယ်။

“မှတ်ပုံတင်လုပ်ချင်ရင်အရင်တုန်းကတောင် လမိုင်းတို့၊ ခေါဇာဘက်ရုံးတွေပိတ်ထားရင် ရေးမြို့ကို သွားလုပ် လို့ရ သေးတယ်၊ အဲဒီတုန်းကလည်း ခက်ပါတယ်၊ သွားလာရတဲ့လမ်းခရီးကုန်ကျစရိတ်တွေကအစပေါ့၊ အခုကျတော့ ရေးမှာလဲ သွားလုပ်မယ်ဆိုရင်တော့ မလွယ်ကူတော့ဘူး၊ နီးစပ်ရာလူမရှိရင် ဘာမှ မရဘူး၊ နီးစပ်ရာဆိုတာ ပွဲစား တို့နဲ့ပဲ လုပ်ရတာ၊ အဲ့ဒီခါ ပိုက်ဆံအများကြီး ပေးရပြန်၊ ရချင်မှလည်း ရတယ်ဆိုတော့ ပြည်သူတွေကလည်း အဲလို မျိုးအခက်အခဲတော့ ဖြစ်တာပေါ့” လို့သူက ပြောပါတယ်။

ဒီလိုမျိုးပြည်သူတွေ အခက်အခဲကြုံတွေ့နေရတာကို ကိုယ်ချင်းစာပေမယ့်လည်း စစ်ကောင်စီရဲ့ ထောက်တိုင်နဲ့ ယန္တရားတွေရပ်တန့်ရေးကို မဖြစ်မနေလုပ်ဆောင်ဖို့လိုတယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) အဖွဲ့ခေါင်းဆောင် ဗိုလ်ရန်နိုင်က ပြောပါတယ်။

“ပြည်သူတွေရဲ့ အခက်အခဲကိုလည်း နားလည်ပါတယ်၊ပြည်သူတွေအနေနဲ့ အများကို ကြည့်ပေးပါနော်၊ ကျွန်တော် တို့က စစ်ကောင်စီထောက်တိုင်ကို အုပ်ချုပ်ရေးယန္တရားကို ကျွန်တော်တို့က ဒါကို တားကို တားရမယ့်ဟာပေါ့နော်၊ အဲဒါကို ပြည်သူအနေနဲ့ နားလည်ပေးစေချင်တယ်” လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်၊ ရေး၊ ထားဝယ်လမ်းပိုင်းကို တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းချုပ်နိုင်ဖို့ အ တွက် အမှတ်(၈)လမ်းမကြီးတလျှောက်မှာ အသုံးပြုသွားလာနေကြတဲ့ မော်တော်ယာဉ်တွေကို ဇွန်လ ၁၅ ရက်က စပြီး လုံခြုံရေးအရ စစ်ဆေးသွားမှာဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်(၂၇)က ထုတ်ပြန်ထားပါတယ်။

 အဲဒီလိုထုတ်ပြန်ပြီးနောက်ပိုင်းမှာစစ်ကောင်စီကလည်း နယ်မြေလုံခြုံရေးအရဆိုကာ ရေးမြို့နယ်အတွင်းက လက် အောက်ခံဌာန ဆိုင်ရာဝန်ထမ်းတွေ၊ စစ်သားနဲ့ ရဲတပ်ဖွဲ့ တွေအနေနဲ့ ရေးမြို့နယ်ပြင်ပကို ခရီးထွက် သွားလာ မယ် ဆိုရင် အမှတ်(၁၉)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ကို သတင်းပေးပို့ပြီး ခွင့်ပြု ချက်ရရှိမှသာ သွားလာဖို့ ညွှန်ကြား ထားပါတယ်။

ရေးမြို့နယ်အတွင်းလမ်းပိုင်းတွေမှာ စစ်ဆေးမှုလုပ်နေတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်များ