ပြည်သူနဲ့မပူးပေါင်းတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ ပိုင်ဆိုင်မှုအသိမ်းခံရမယ်လို့ မြိုင်ပကဖ သတိပေး

ဇူလိုင်၊ ၁

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲရှိ စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ပြည်သူနဲ့ မပူးပေါင်းရင်ပိုင်ဆိုင်မှုတွေဖြစ်တဲ့ နေအိမ်၊ တိုက်တာတွေကို သိမ်းခံရမယ်လို့ မြိုင်ပြည်သူကာကွယ်ရေးအဖွဲ့ကထုတ်ပြန်သတိပေးလိုက်ပါ တယ်။

 မြိုင်မြို့နယ်အတွင်းက ဝန်ထမ်းတွေအနေနဲ့ ဇူလိုင် ၁၅ ရက် နောက်ဆုံးထားပြီး ပြည်သူနဲ့ပူးပေါင်းကြဖို့ တိုက်တွန်းထားသလို လိုက်နာမှုမရှိတဲ့ ဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်တဲ့နေအိမ်နဲ့ခြံကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမှာဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 “ကျွန်တော်တို့ ဒီဘက်ကတော်လှန်ရေးအဖွဲ့တွေရဲ့ အိမ်တွေသိမ်းခံရတာတွေလည်းရှိတယ်လေ၊အဲဒါ့ကိုတန်ပြန် လုပ်တဲ့ သဘောမျိုးပါ၊ မြို့ပေါ်မှာမသိမ်းနိုင်ရင်တောင်သူတို့ ကိုအသိပေးစာပို့ဖိအားပေးမယ်၊ရွာတွေကဟာတွေကတော့ သိမ်းနိုင်အောင်ကို သိမ်းမယ် “ လို့မြိုင်ပြည်သူကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူ ဗိုလ်လက်ျာက ပြောပါတယ်။

 လက်ရှိ မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ စစ်အုပ်စု လက်အောက်ခံ စစ်သား၊ ရဲနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကို အသိပေးတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

 ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးအပတ်အတွင်းက မြိုင်မြို့နယ်ရှိ ပညာရေး နဲ့ လျှပ်စစ်ဝန်ထမ်းတွေ CDM လုပ်လာသူ ဆယ်ဦးလောက်ရှိပြီး သူတို့ကိုလည်း မြို့ပေါ်မှာတဆင့် ဘေးကင်းရာကျေးရွာတွေကို ပို့ဆောင်ထားတယ်လို့ သူကဆိုပါတယ်။

 “ တော်တော်များများကတော့ ကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးCDM လုပ်လာတာများတယ်၊သူတို့ကိုလည်းအကြောက်တရားမပေးချင်ဘူး၊ပြည်သူနဲ့ပေါင်းဖို့ပြောထားတာလည်း များပြီးဆိုတော့ ပေါင်းတာလည်းရှိတယ်၊သူတို့လို့တော့အိမ်ထဲကပစ္စည်းတွေကို ဟိုလူပေးဒီလူပေးတာမျိုးတော့ လုပ်မှာမဟုတ်ဘူး၊ စနစ်တကျကျေးရွာ ပအဖ တွေကို အပ်မယ်ဒီအိမ်ကိုစောင့်ရှောက်ပေးပါပေါ့၊ကျွန်တော်တို့နဲ့ပူးပေါင်းပြီးတော့ မိသားစုနေထိုင်မယ်ဆိုရင်ရတယ်၊ ငှါးရမ်းထားတာမျိုးဆိုရင်တော့ ပိတ်ထားမယ် “ လို့ သူကဆိုပါတယ်။

 လက်ရှိ မြိုင်မြို့မှာ စစ်အုပ်စုလက်အောက်ခံဝန်ထမ်း ၄၀၀ ကျော်နီးပါးရှိသလို သူတို့ပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အဦး ၈၀ လောက်ရှိတယ်လို့ ဗိုလ်လက်ျာက ပြောပါတယ်။လက်ရှိမြိုင်မြို့နယ်အတွင်းက မြို့ပေါ်ရပ်ကွက်သုံးခုနဲ့ ပျူစောထီးရွာ ငါးရွာကလွဲလို့ ကျန်တဲ့ ကျေးရွာသုံးရွာကျော်လောက်ဟာ တော်လှန်ရေးအင်အားစုရဲ့ နယ်မြေဖြစ် တယ်လို့ ဗိုလ်လက်ျာကဆိုပါတယ်။

 စစ်အုပ်စုဘက်ကတော့ မြိုင်မြို့ပေါ်မှာ တော်လှန်ရေးနဲ့ ပက်သက် နေတဲ့သူတွေရဲ့နေအိမ် ဆယ်လုံးလောက် ကိုအကြောင်းအမျိုးမျိုးပြပြီး ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ နိုင်ငံတဝန်းက NLD ပါတီဝင်တွေနဲ့ အရပ်သားတွေ စုစုပေါင်း လူဦးရေ (၆၂၅)ဦးရဲ့ ပိုင်ဆိုင်မှု တွေကို ချိပ်ပိတ်သိမ်းဆည်းထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ် ပြန်တဲ့အချက်အလက်တွေအရသိရပါတယ်။

အဲ့ဒီအထဲမှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်(၁၇၁)ဦးအပါအဝင် စုစုပေါင်း ပါတီဝင် (၃၃၃) ဦးရဲ့ပိုင်ဆိုင်မှု တွေ လည်းပါတယ်လို့ NLD ပါတီကဆိုထားပါတယ်။

စစ်ကောင်စီဟာ တော်လှန်ရေး အင်အားစုဝင်တွေကို နေအိမ်ငှားရမ်းထားမိသူတွေရဲ့ နေအိမ်ကိုပါ အကြမ်းဖက် ဥပဒေအရ ချိပ်ပိတ်သိမ်းဆည်းမယ်လို့ ခြိမ်းခြောက်ကြေညာထားသလို လူမှုကွန်ရက်ပေါ်မှာ တော်လှန်ရေးနဲ့ ပတ်သက်လို့ ရေးသားမျှဝေခဲ့သူတွေကိုပါဖမ်းဆီးတာအပြင် ပိုင်ဆိုင်မှုတွေသိမ်းဆည်းသွားတာမျိုးတွေလည်း လုပ်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ချိပ်ပိတ်သိမ်းဆည်းမှုတွေကိုမလိုလားပေမယ့် တော်လှန်ရေး အင်အားစုတွေဘက်ကလည်း အခုလို အသိပေး ထုတ်ပြန်မှုတွေလုပ်လာတဲ့အပေါ် မဖြစ်စေချင်ဘူးလို့  မန္တလေးမြို့က တရားရေးဝန်ထမ်းတဦး ကဆိုပါ တယ်။

“CDM မလုပ်တဲ့အကြောင်းပြချက်နဲ့ အိမ်တွေသိမ်းခံရတာမျိုးတော့ မလုပ်စေချင်ဘူး၊တချို့က မတတ်သာလို့ လုပ်နေတာရှိသလို တကယ်ကို လိုလိုချင်ချင်နဲ့လုပ်နေတဲ့သူတွေလည်းရှိတယ်၊အဲတော့ နှစ်ဘက်ကြားမှာညှပ်မယ့် သဘောတော့ရှိတာပေါ့ “ လို့ သူ ကပြောပါတယ်။ 

ပုံစာ- မကွေးတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်များ