စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်နေပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ဖို့အဆင်သင့်ရှိနေကြောင်း ကလလတ စတင်အသိပေး

ဇူလိုင်၊ ၁

ကရင်နီ(ကယား)ပြည်နယ် အခြေစိုက် နယ်ခြားစောင့်တပ် BGF အဖြစ်ကနေ ပြောင်းလဲရပ်တည်ပြီး စစ်ကောင် စီကို ပြန်လည်တိုက်ခိုက်နေပြီလို့ ကလလတ လို့လူသိများတဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံတပ်ဦး (KNPLF)က ဒီကနေ့မှာ ထုတ်ဖော်အသိပေးလိုက်ပါတယ်။

ကလလတ တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက မယ်စဲ့မြို့နယ်အတွင်းတိုက်ပွဲတွေမှာ တော်လှန်ရေး အင်အားစုတွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အဖွဲ့အစည်းဘက်ကတော့ ဒီကနေ့မှာ တရားဝင် စတင်အသိပေးကြေညာလာတာဖြစ်ပါတယ်။

စစ်အုပ်စု၊စစ်အာဏာရှင်စနစ်၊စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေအကုန်အစင် တိုက်ဖျက်ရေးကို လတ်တလော ရည်မှန်းချက်အဖြစ် တိတိကျကျထားရှိပြီး စစ်အုပ်စုကိုတော်လှန်တိုက်ခိုက်နေတဲ့ တောင်ပေါ်မြေပြန့်ဒေသအနှံ့က တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းဖို့အထိ အဆင့်ဆင့်တည်ဆောက်သွားနိုင်ဖို့ အဆင် သင့်ရှိနေတယ်လို့ ကလလတ ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်အုပ်စု၊စစ်အာဏာရှင်စနစ်၊စစ်အစိုးရနဲ့ စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေတို့ကို အကုန်အစင်တိုက်ဖျက်ပစ် နိုင်မှ သာ ကျွန်တော်တို့အားလုံး မျှော်မှန်းတောင့်တလိုလားနေကြတဲ့ ဒီမိုကရေစီရေး၊တန်းတူရေးနဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု(ဝါ)စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့အတွက် အခြေခံ ကောင်းတွေပေါ်ပေါက်လာနိုင်မယ်လို့ အဲ့ဒီထုတ်ပြန်ချက်ကဆိုပါတယ်။

အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ကလလတ အဖွဲ့ တာဝန်ရှိသူကို DNA က မေးမြန်းနိုင်ဖို့ဆက်သွယ်ခဲ့ပေမယ့် လတ်တလော မဖြေကြားနိုင်သေးတဲ့အကြောင်း ပြောပါတယ်။

ကလလတ အဖွဲ့ရဲ့ဘက်ပေါင်းရပ်တည်မှုဟာ ကရင်နီဒေသအတွင်း သိသာထင်ရှားတဲ့ စစ်ရေးအလှည့်အပြောင်း တခုဖြစ်ခဲ့ပြီး မယ်စဲ့မြို့နယ်အတွင်းက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းယူရာမှာ ကလလတ တပ်ရင်းတွေ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့  ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

ဒါ့အပြင် လက်ရှိနွေဦးတော်လှန်ရေး ကာလအတွင်းမှာလည်း ကလလတ အဖွဲ့ဟာ BGF အဖြစ်ကနေ ရပ်တည်မှု ပြောင်းလဲခဲ့တဲ့ ပထမဆုံး လက်နက်ကိုင်အဖွဲ့တခုဖြစ်လာပါတယ်။စစ်အုပ်စုနဲ့အပစ်အခတ်ရပ်စဲခဲ့တဲ့ကာလအတွင်း လူထုမနှစ်သက်၊မလိုလားတဲ့ အပြုအမူ ဖြစ်ရပ်တချို့ ရှိခဲ့တာကို ဝန်ခံပြီး အလေးအနက်ဝန်ချတောင်းပန်းကြောင်း လည်း ကလလတ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကရင်နီပြည်လူမျိုးပေါင်းစုံတပ်ဦး (KNPLF)ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကနေ ၁၉၇၈ခုနှစ်မှာ ခွဲထွက်ပြီး သီးခြားရပ်တည်ခဲ့တဲ့ ဝါရင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်ပါတယ်။အဲ့ဒီနောက် ၁၉၉၄ ခု နှစ်မှာတော့ နအဖ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)ဟာ လက်ရှိနွေဦးတော်လှန်ရေးကာလ ကရင်နီဒေသက စစ်ရေး တွေမှာ ဦးဆောင်ပါဝင်တိုက်ခိုက်နေတာဖြစ်သလို မကြာသေးခင်ကဖွဲ့စည်းခဲ့တဲ့ ကရင်နီပြည်နယ်ကြားကာလ ကောင်စီမှာလည်း KNPP ဥက္ကဌကပါဝင်ဦးဆောင်နေတာပါ။

စစ်အုပ်စုနဲ့ အပစ်ရပ်ပြီးနောက် ကလလတ ရဲ့ အင်အားစုတချို့ဟာ စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တွေ အဖြစ် အသွင်ပြောင်းရပ်တည်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုကို ပြန်လည်ခုခံတော်လှန်တဲ့ တပ်ဖွဲ့အဖြစ် အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့ကြပြီး ဒါဟာ ကလလတ ရဲ့ သမိုင်းစာမျက်နှာအသစ်ကို တော်လှန်နဲ့တိုက်ပွဲနဲ့ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်တာနဲ့ပတ်သက်လို့ ဒီကနေ့မှာ ပထမဆုံးအကြိမ် ထုတ်ပြန်အသိပေးတာဖြစ်ပေ မယ့် နွေဦးတော်လှန်ရေးကာလတလျှောက် လက်နက်ကိုင်တော်လှန်စစ်မှာ နေရာမျိုးစုံ၊အနေအထားမျိုးစုံကနေ သိုသိုသိပ်သိပ် တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ပါဝင်ကူညီဆောင်ရွက်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

ကလလတ အဖွဲ့အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၊အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့နဲ့လည်း အနီးကပ် လက်တွဲပြီး တော်လှန်ရေး လုပ်ငန်းတာဝန်တွေကို ပူးတွဲလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ် နေကြောင်းလည်း အခုထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။