ပုန်ကန်သူ Wagner အကြီးအကဲကို လုပ်ကြံဖို့ ပူတင် အမိန့်ပေးထားပြီးပြီလို့ ယူကရိန်း ထောက်လှမ်းရေးဆို

ဇူလိုင်၊ ၁

လက်နက်ကိုင် ပုန်ကန်မှု တခုကို ဦးဆောင် အားထုတ်ခဲ့တဲ့ ရုရှား ကြေးစားတပ် ခေါင်းဆောင်ကို လုပ်ကြံဖို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမိန့်ပေးထားပြီးဖြစ်ကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးက ပြောကြားခဲ့ပါတယ်။

 ပူတင်ဟာ Wagner ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂေါ့ဇင်ကို လုပ်ကြံဖို့အတွက် ရုရှားရဲ့ ဖက်ဒရယ် လုံခြုံရေးဌာန (FSB)ကို တိတိကျကျ ညွှန်ကြားထားပြီးပြီလို့ ယုံကြည်ရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ ယူကရိန်း ထောက်လှမ်းရေးဌာန (HUR)ရဲ့ အကြီးအကဲ ကိုင်ရီလို ဘူဒါနော့ဗ်က ပြောကြားခဲ့ပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က Wagner တပ်တွေဟာ မော်စကို မြို့တော်ထိ ဦးတည် ချီတက်ခဲ့ပြီးမှ အစီအစဉ်ကို ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။ ပရီဂေါ့ဇင်က သူ့ရဲ့ ပုန်ကန်မှုဟာ ရုရှား အစိုးရကို ဖြုတ်ချဖို့ လုံးဝ မရည်ရွယ်ခဲ့ကြောင်းနဲ့ ရုရှား စစ်တပ် အကြီးအကဲတွေကို ဖယ်ရှားဖို့သာ ပစ်မှတ်ထားခဲ့ကြောင်း ပြောပါတယ်။

 လောလောဆယ်မှာတော့ ပရီဂေါ့ဇင်ဟာ နှစ်ဖက် ညှိနှိုင်း သဘောတူညီမှုတွေအရ ရုရှားရဲ့ မဟာမိတ် ဘီလားရုစ် နိုင်ငံမှာ ခိုလှုံနေပါတယ်။

 ဘူဒါနော့ဗ်ကတော့ ဒီပြဿနာဟာ အခုလောက်နဲ့တင် အဆုံးသတ်မှာ မဟုတ်ဘဲ ပူတင်က ပရီဂေါ့ဇင်ကို အပျောက်ရှင်းဖို့ FSBဆီ ညွှန်ကြားထားပြီးပြီဆိုတဲ့ ထောက်လှမ်းရေး အချက်အလက်တွေ ရထားတယ်လို့ ပြောပါတယ်။

 ပရီဂေါ့ဇင်ကို လုပ်ကြံဖို့ FSBက တာဝန်ယူထားရတယ်ဆိုတာ သတင်းရထားကြောင်း၊ အဲဒီမစ်ရှင် အောင်မြင်မလား ဆိုတာကိုတော့ အချိန်ကပဲ အဖြေပေးသွားမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ပရီဂေါ့ဇင်ကို လုပ်ကြံဖို့ အားထုတ်မှုတွေက လတ်တလောတော့ ဖြစ်မလာနိုင်သေးကြောင်း သူက ဆိုပါတယ်။

 နောက်ပြီး FSBဟာ ဒီကိစ္စကို အကောင်အထည် ဖော်ဖို့အတွက် သင့်တော်တဲ့ မဟာဗျူဟာမျိုး ရေးဆွဲချမှတ်ဖို့ သေချာ အချိန်ယူရမှာ ဖြစ်သလို လက်နက်ကိုင် အခြံအရံ ကျောထောက်နောက်ခံအင်အား အရမ်းတောင့်တင်းတဲ့ ပရီဂေါ့ဇင်ကို FSB အေးဂျင့်တွေက အမှန်တကယ် လုပ်ကြံရဲမလား ဆိုတာကလည်း အရေးကြီးတဲ့ မေးခွန်းဖြစ်တယ်လို့ ဘူဒါနော့ဗ်က ထောက်ပြသွားပါတယ်။

 ပရီဂေါ့ဇင် ဦးဆောင်တဲ့ Wagner အဖွဲ့ရဲ့ ပုန်ကန်မှုဟာ ကာလ တိုတောင်းပေမယ့် ရုရှားအတွက် အထိနာစေခဲ့ပြီး တန်ဖိုးကြီး လေကြောင်း ကွပ်ကဲရေး Il-22M အမျိုးအစား တစီး အပါအဝင် လေယာဉ်နဲ့ ရဟတ်ယာဉ် စုစုပေါင်း ၈ စီး ဆုံးရှုံးခဲ့တယ်လို့လည်း ဘူဒါနော့ဗ်က ပြောကြားသွားပါတယ်။