ဇူလိုင်၊ ၁
ဖင်လန် အစိုးရရဲ့ စီးပွားရေး ဝန်ကြီးအသစ်ဟာ နာဇီဝါဒကို ထောက်ခံတဲ့ သဘောမျိုးတွေ ပြသခဲ့ဖူးတဲ့ အတိတ်ကြောင့် ရာထူးသက်တမ်း ၁၀ ရက် အကြာမှာ နုတ်ထွက်သွားခဲ့ရပါတယ်။
အမျိုးသားရေး ဝါဒစွဲ ဖင်းစ်ပါတီရဲ့ ရွေးကောက်ခံ အမတ်တဦးဖြစ်သူ ဗီလ်ဟမ်းလ် ဂျွန်နီလာဟာ လွန်ခဲ့တဲ့ ၄ နှစ်က လက်ယာစွန်း နိုင်ငံရေး အခမ်းအနား တခုမှာ နာဇီဝါဒကို လိုလားတဲ့ ရည်ညွှန်းသင်္ကေတတွေကို လုပ်ဆောင်ခဲ့ဖူးကြောင်း စွပ်စွဲခံရပါတယ်။ အစိုးရ အဖွဲ့မှာ သူပါဝင်လာချိန်မှာတော့ အဲဒီ ကိစ္စက တကျော့ပြန် ထွက်ပေါ်လာခဲ့ပါတယ်။
ဂျွန်နီလာက သူပြောဆိုခဲ့ဖူးတာတွေအတွက် ဝန်ချ တောင်းပန်ခဲ့သလို လွှတ်တော်ထဲမှာ အယုံအကြည်မရှိ အဆိုတင်သွင်း ခံရတဲ့ အခြေအနေကိုလည်း ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဇွန်လ ၃၀ ရက်နေ့မှာတော့ သူဟာ ရာထူးက နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။
အစိုးရ အဖွဲ့ရော၊ ဖင်လန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ မထိခိုက်စေချင်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလို့လည်း ဂျွန်နီလာက ဆိုပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်တုန်းက ဖင်လန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ တူအာကူ မြို့ထဲက လက်ယာစွန်း အမျိုးသားရေးဝါဒ ဆွေးနွေးပွဲ တခုမှာ နံပါတ် ၈၈ သင်္ကေတကို ပြသခဲ့ဖူးပါတယ်။ ခေတ်သစ် နီယိုနာဇီတွေကြားမှာ ၈၈ ဟာ ဟေးဟစ်တလာဆိုတဲ့ နာဇီဂုဏ်ပြုမှုကို ရည်ညွှန်းလေ့ ရှိပါတယ်။ Hဟာ အင်္ဂလိပ် အက္ခရာတွေမှာ ၈ လုံးမြောက်ဖြစ်ပြီး ၈၈ ကို Hail Hitlerရဲ့ အတိုကောက် HHလို့ ယူဆကြတာပါ။
မတ်လမှာလည်း ဂျွန်နီလာဟာ ဖင်လန်မှာ အဲဒီနံပါတ်ကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့တဲ့ တခြား အမတ်လောင်း တဦးကို အတိအလင်း ထောက်ခံပြခဲ့ဖူးပါတယ်။ အဲဒီလို ထောက်ခံရာမှာ နံပါတ် ၈၈ ဆိုတာကိုက အနိုင်ရမယ့် နံပါတ်ဆိုတာ သူသိထားပြီး ဖြစ်တယ်လို့ ဂျွန်နီလာက ပြောခဲ့ပါတယ်။
အစိုးရ အဖွဲ့ထဲမှာ ပါဝင်ပြီး ဝေဖန်သံတွေ ဆူညံလာချိန်မှာတော့ သူက အမှားတွေ ကျူးလွန်ခဲ့မိကြောင်း၊ ဒီအတွက်လည်း အရမ်း စိတ်မကောင်း ဖြစ်မိကြောင်း ဂျွန်နီလာက ဝန်ချ တောင်းပန်ခဲ့ပေမယ့် ဆေးမမီတော့ပါဘူး။
အခု သီတင်းပတ် အစောပိုင်းတုန်းက လွှတ်တော်ထဲမှာ သူဟာ အယုံအကြည်မရှိ အဆို တင်သွင်းမှုကို ကျော်လွှားနိုင်ခဲ့ပေမယ့် ဝန်ကြီး သက်တမ်း ၁၀ ရက် အကြာမှာ နုတ်ထွက်ခဲ့ရတာပါ။ လက်ယာယိမ်း အမျိုးသား ညွန့်ပေါင်းပါတီ အကြီးအကဲဖြစ်တဲ့ ဖင်လန် ဝန်ကြီးချုပ် ပက်တာရီ အော်ပိုက ဂျွန်နီလာရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ပြီး ရွေးစရာလည်း တခုပဲ ရှိတော့တယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။