ပျူစောထီးသင်တန်းအတွက် လူမပေးရင် လယ်နဲ့အိမ်သိမ်းမယ်လို့ ဦးဝါသဝခြိမ်းခြောက်ဟုဆို

ဇွန်၊ ၃၀
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ လာမယ့်လမှာ ဖွင့်လှစ်မယ့် ပျူစောထီးသင်တန်းအတွက် တောင်းခံထားတဲ့ လူဦးရေအတိုင်း မပေးရင် အိမ်နဲ့ လယ်ယာမြေတွေကို သိမ်းမယ်လို့ ပျူစောထီးခေါင်းဆောင် ဦးဝါသဝ က ခြိမ်းခြောက်အကြပ်ကိုင်ပြောဆိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” အဲ့နေ့တုန်းက ဦးဝါသဝက မိုက်ကြီးနဲ့ အော်ဆဲနေတာ၊ အကုန်လုံး PDF ထဲ ဝင်မှာလားလို့ မေးတော့ မဝင်ဘူးလို့ ဒေသခံတွေက ပြန်ပြောတယ်။ အဲ့တာကို သူက ပျူထဲကိုဝင်လို့ပြောတယ်။ သူပြောထားတဲ့ လူဦးရေအတိုင်း မပေးဘဲ ရွာကနေ ထွက်သွားတယ်ဆိုရင် အိမ်တွေ၊ လယ်တွေ သိမ်းမယ်လို့ ပြောတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။
 
စစ်တပ်အာဏာသိမ်းတာကို လက်နက်ကိုင်ဆန့်ကျင်သူတွေနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေကို ဖိနှိပ်ဖို့ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးအမည်ခံ လက်နက်ကိုင်အဖွဲ့ဟာ ကန့်ဘလူမြို့နယ်က ကျေးရွာတွေမှာ အဓမ္မလူသစ်စုဆောင်းနေတာပါ။
 
” အဲ့နေ့တုန်းကတော့ ငါး ရက်အတွင်း ပေးရမယ်လို့ ပြောတာ၊ ဒါပေမယ့် အခုထိတော့ ဘာမှမထူးသေးဘူး။ လကုန်ဆို ဘာဖြစ်မလဲ မသိတော့ လူတွေက ကြောက်နေကြတယ် ” လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
 
အဲဒီလို လူသစ်စုဆောင်းရာမှာ ကန့်ဘလူမြို့နယ်က ကျေးရွာတွေကနေ နောက်လအတွင်း ဖွင့်လှစ်မယ့် ပျူစောထီးသင်တန်းအတွက် တောင်းခံထားတဲ့ လူဦးရေအတိုင်း မပေးပါက အိမ်နဲ့ လယ်ယာမြေကို သိမ်းဆည်းမယ်လို့ ခြိမ်းခြောက်လူသစ်စုဆောင်းနေတာတွေ ရှိနေတာပါ။
 
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်က ကန့်ဘလူမြို့နယ်‌၊ ရေကြည်ရွာ စာသင်ကျောင်းမှာ ပြုလုပ်ခဲ့တဲ့ ကျေးရွာအလိုက် တအိမ်တယောက် မတက်မနေရ တက်ရတဲ့ အစည်းအဝေးမှာ ရေကြည်ရွာအပါအဝင် ကျေးရွာ ခြောက်ရွာကနေ တရွာကို လူနှစ်ဆယ်ကနေ သုံးဆယ်အထိ ပို့ပေးရမယ်လို့ အဲ့ဒီအစည်းအဝေးမှာ ဦးဝါသဝ က ပြောခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်း ထပ်မံအတည်ပြုပါတယ်။
 
“ သင်တန်းမတက်ဘဲ ရှောင်ပြေးရင်၊ ဒါမှမဟုတ် သင်တန်းမတက်ရင် အိမ်နဲ့ လယ် သိမ်းမယ်ပြောပါတယ်။ ၂၃ ရက်နေ့က လုပ်တဲ့ အစည်းအဝေးမှာ အခုလို ပြောခဲ့တာပါ။ သူပြောခဲ့တဲ့ အတိုင်း လုပ်၊ မလုပ်ကတော့ ဒီလကုန်မှ အခြေအနေ သိရမှာပေါ့။ ဒါပေမယ့် ဒေသခံတွေက ခြိမ်းခြောက်ခံထားရတော့ အတော်လေး ခေါင်းခြောက်နေကြရပါတယ် ” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
ပျူစောထီးသင်တန်း အသစ်တက်ရောက်ဖို့ လူတောင်းခံထားတဲ့ ရွာတွေကတော့ ရေကြည်ရွာ အရှေ့၊ အနောက်၊ အုတ်ဖို၊ ခင်သာ နဲ့ အုန်းတော ရွာတွေက လူဦးရေ နှစ်ဆယ်ဦးစီနဲ့ ခေါသန္တီကျေးရွာ က သုံးဆယ် ပေးရမယ်လို့ ဆိုတဲ့အကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြထားပါတယ်။
 
အစည်းအဝေးကို မတက်ရောက်ခဲ့တဲ့ နေအိမ်တွေကိုလည်း တအိမ်ထောင်ကို ငွေကျပ်တသောင်း ဒဏ်ရိုက်တာတွေ ပြုလုပ်ခဲ့သလို ကန့်ဘလူခရိုင်အတွင်းမှာ ဒေသခံတွေကို အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းတာတွေ၊ လူသစ် စုဆောင်းတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
အဲဒီနေ့မှာပဲ ကျွန်းလှမြို့နယ်ထဲက လယ်လှ၊ တင်းတိမ်ရံ၊ မြနှင်းကုန်း၊ အင်းကောင်းနဲ့ ပိုးဇာကုန်းကျေးရွာတွေက ဒေသခံသုံးဆယ်ကျော်ကို ပျူစောထီးသင်တန်းအတွက် မဲနှိုက်ရွေးချယ်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
 
ဒါ့အပြင် မဲပေါက်ပြီး မတက်ရောက်လိုတဲ့ ဒေသခံတွေဆီက ငွေကျပ် ၈၅ သိန်း ပေးဆောင်ခိုင်းပြီး၊ မဲမပေါက်တဲ့ အိမ်တွေဆီကလည်း တလကို ငွေကျပ်တသိန်းနှုန်းနဲ့ လစဉ်ကောက်ခံနေတာကို ပျူစောထီးအဖွဲ့တွေက ပြုလုပ်နေပါတယ်။
 
စစ်တပ်က အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ်၊ သြဂုတ်လလောက်ကစပြီး စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည် စတဲ့ မြို့တွေမှာ စစ်ကောင်စီကို ဆန့်ကျင်သူတွေကို နှိမ်နင်းဖို့ ရည်ရွည်ပြီး ဘုန်းတော်ကြီး ဦးဝါသဝ ဦးဆောင်ကာ ပျူစောထီးတွေကို ဖွဲ့စည်းခဲ့တာပါ။
 
ဓာတ်ပုံ​ – Social Media
ပုံစာ-စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ ၂၀၂၃ ခုနှစ်အတွင်း ပျူစောထီး သင်တန်းဆင်းပွဲ တခုမှာ ဦးဝါသဝအား တွေ့ရစဉ်။