စစ်ကောင်စီက အွန်လိုင်းထီစနစ်ပါသုံးပြီး ထီစောင်ရေတိုးထုတ်ခဲ့ပေမယ့် စောင်ရေသန်းချီ ဝယ်သူမရှိ

ဇွန်၊ ၃၀
 
စစ်ကောင်စီက အွန်လိုင်းထီစနစ်ကို အခုလမှာ ပထမဆုံးအဖြစ် စတင်ဖွင့်လှစ်ရောင်းချခဲ့ပေမယ့် ရောင်းမကုန်ထီလက်မှတ် စောင်ရေ ငါးသန်းဝန်းကျင်အထိ လက်ကျန်ဖြစ်ခဲ့တယ်လို့ ထီကိုယ်စားလှယ်အသိုင်းအဝိုင်းဆီက သိရပါတယ်။
 
အာဏာသိမ်းပြီးကတည်းက ထီရောင်းအား ကျသွားလို့ ဝင်ငွေတခု လျော့သွားတဲ့ စစ်ကောင်စီဟာ အွန်လိုင်းထီ စနစ်နဲ့ ထီဝယ်ယူကံစမ်းသူတွေကို စွဲဆောင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာလို့ သူတို့က ဆိုပါတယ်။
 
” အွန်လိုင်းထီကို ထိုးတဲ့သူ နည်းတယ်ဆိုတာလည်း သိရတယ်၊ ပုံနှိပ်ထီတွေလည်း ဆိုင်တွေမှာ လက်ကျန်တွေ ပုံနေတယ်၊ နှစ်ဘက်လုံးကို အလုပ်မဖြစ်တာ၊ ကိုယ်စားလှယ်တွေလည်း မလွှဲရှောင်သာလို့သာ လုပ်နေရတာ လတိုင်းရှုံးတယ် ” လို့ ထီကိုယ်စားလှယ်တဦးက ပြောပါတယ်။
 
စစ်ကောင်စီက အခုလမှာ စတင်ဖွင့်လှစ်တဲ့ အောင်ဘာလေအွန်လိုင်းထီကို အက္ခရာ ခြောက်လုံး ဖွင့်လှစ်ရောင်းချခဲ့သလို မူလပုံနှိပ်ထီလက်မှတ်ကိုလည်း အက္ခရာ ခြောက်လုံး ရောင်းချခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုအက္ခရာ ၁၂ လုံး အထိ စောင်ရေတိုးမြှင့် ရောင်းချခဲ့ပေမယ့် ကျပ်သန်း ၅၀၀၀ ကျော်ဖိုးသာ ရောင်းချရတဲ့အတွက် ထီလက်ကျန် ဖြစ်ပေါ်မှု အဆမတန်များပြားခဲ့ပါတယ်။
 
တွက်ချက်မှုတွေအရ အွန်လိုင်းထီစနစ် စတင်တဲ့ဇွန်လမှာ သတ်မှတ်ထီစောင်ရေရဲ့ တဝက်လောက်သာ ရောင်းချခဲ့ရပြီး စောင်ရေ ၅သန်းနီးပါး ရောင်းမကုန်ဘဲ လက်ကျန်ဖြစ်သွားခဲ့တာလို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းက ဆိုပါတယ်။
 
စစ်အာဏာသိမ်းမှုမတိုင်ခင်က လစဥ်ထီအက္ခရာ အလုံး ၃၀ ကျော်အထိ ရောင်းချနိုင်ခဲ့ပြီး ရောင်းမကုန်တဲ့ဖြစ်ရပ်က ရှားပါးခဲ့တယ်လို့ သူတို့က ဆိုပါတယ်။
 
အွန်လိုင်းထီ မစတင်ခင် မေလက ပုံနှိပ်ထီကို အက္ခရာ ခုနှစ်လုံး သတ်မှတ်ရောင်းချခဲ့တာဖြစ်ပြီး အဲဒီလက ထီလက်မှတ် ရောင်းရငွေဟာ ကျပ်သန်း ငါးထောင်ကျော်ရှိတယ်လို့ အောင်ဘာလေသိန်းဆုဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
ဒီလမှာတော့ အွန်လိုင်းထီနဲ့ ပုံနှိပ်ထီနှစ်ခုပေါင်း အက္ခရာ ၁၂ လုံးအထိ တိုးပြီး ရောင်းချခဲ့ပေမယ့် ထီရောင်းရငွေဟာ ကျပ်သန်း ၅၁၀၀ ကျော်သာ ရှိခဲ့ပြီး ပြီးခဲ့တဲ့လကထက် ကျပ်သန်း ၁၀၀ လောက်သာ တိုးခဲ့ပါတယ်။
 
ထီအက္ခရာတလုံးမှာ ထီစောင်ရေ ကိုးသိန်းနီးပါးအထိ ရှိတာကြောင့် အက္ခရာတခုချင်းစီအတွက် စောင်ရေအကုန် ရောင်းချနိုင်ရင် ကျပ်သိန်းကိုးထောင်နီးပါးအထိ ရရှိမှာပါ။
 
ဒါ့ကြောင့် ပြီးခဲ့တဲ့လက ထီအက္ခရာ ခုနှစ်လုံး ရိုက်နှိပ်ရောင်းခဲ့ပေမယ့် အက္ခရာ ခြောက်လုံးစာနီးပါးသာ ရောင်းချခဲ့ရပြီး ထီစောင်ရေ ကိုးသိန်းနီးပါး လက်ကျန်ဖြစ်ပေါ်ခဲ့တယ်လို့ အောင်ဘာလေဌာနရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
 
အခုလို ထီလက်မှတ်သန်းချီ ရောင်းမကုန်တဲ့အထိ ဖြစ်ရတာဟာ စစ်ကောင်စီကို ပြည်သူက လက်မခံတဲ့အကြောင်း ပြသတဲ့သဘောဖြစ်တယ်လို့ ထီဝါသနာရှင်တချို့က မှတ်ချက်ပြုပါတယ်။
 
” စကစ က သူတို့ကိုယ်သူတို့ သဘောမပေါက်သေးတာလား မပြောတတ်ဘူး၊ ပြည်သူတွေရဲ့ ဆန္ဒကို သိသင့်နေပြီ၊ ရှေ့ဆက်လည်း သူတို့ထီကို ထိုးဖို့ ဆန္ဒကိုမရှိဘူး ” လို့ ထီဝါသနာရှင်တဦးက ပြောပါတယ်။
 
စစ်ကောင်စီက ထီရောင်းအားမြှင့်တင်ဖို့ဆိုပြီး အာဏာသိမ်းပြီး လပိုင်းလောက်ကတည်းက အွန်လိုင်းထီစနစ် ကျင့်သုံးဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိဇွန်လလယ်မှာတော့ အွန်လိုင်းထီစနစ် စတင်လိုက်ပြီး အဲဒီထီစနစ်ကို စစ်တပ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။
 
မနက်ဖြန်မှာ ဇူလိုင်လ ၁ ရက်မှာတော့ အွန်လိုင်းထီနဲ့ ပုံနှိပ်ထီဖွင့်ပွဲကို ပြုလုပ်သွားမှာဖြစ်ပြီး ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ခွဲဝေပေးသွားမယ်လို့ ကြေညာထားပါတယ်။
 
ထီဖွင့်တဲ့အခါမှာ ရောင်းမကုန်ထီထဲက ဆုမဲပေါက်ရင် အဲဒီဆုမဲ စုစုပေါင်းတန်ဖိုးကို တခြားသင့်လျော်တဲ့ ဆုမဲတွေဖြစ်တဲ့ ဆုတစ်ဆုချင်း စနစ်၊ ဝေဝေဆာဆာ ပဒေသာဆုမဲတွေ ပြန်ဖွင့်ပေးမယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ​ – Cincds