မန္တလေးမှာ သွေးသောက်အဖွဲ့တံဆိပ်ချိတ်ဆွဲထားတဲ့ အမျိုးသားအလောင်းနှစ်လောင်းတွေ့

ဇွန်၊ ၃၀
 
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ကန်တော်ကြီးပတ်လမ်းက Denko ဆီဆိုင်အနီးမှာ ဒီကနေ့ ဇွန်လ ၃၀ ရက်မနက်အစောပိုင်းက ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အမျိုးသားအလောင်း နှစ်လောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ ရပ်ကွက်အတွင်း နေထိုင်သူတွေက အလောင်းတွေကို စတွေ့ခဲ့တာဖြစ်ပြီး လည်ပင်းမှာ သွေးသောက်အဖွဲ့ အမှတ်တံဆိပ်ကတ်ပြားတွေကို ပါချိတ်ဆွဲထားတာကို တွေ့ရတာလို့ ဆိုကြပါတယ်။
” အလောင်းတွေ့တယ်လို့ ရပ်ကွက်ထဲက လူတွေ ပြောလို့သွားကြည့်တာ၊ ကျွန်မတို့ရောက်တော့ ရက်ကွက်လူကြီးနဲ့ စစ်သားတွေ ရောက်နေပြီ၊ လည်ပင်းက ကတ်ပြားတွေကိုလည်း ဆွဲဖြုတ်နေတယ်။ အနားမှာ လာကြည့်တဲ့ လူတွေကိုလည်း စစ်ဗိုလ်တယောက်က အကုန်ဖမ်းသွားရမလားဆိုပြီး အော်ဆဲနေလို့ ပြန်လာခဲ့ရတယ် ” လို့ မြို့ခံတဦးက ဆိုပါတယ်။
သေဆုံးသူတွေဟာ အသက် ၃၀ အရွယ် အမျိုးသားတွေဖြစ်ပြီး ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့လည်း အလောင်းသယ်ရာမှာ ပါဝင်ကူညီတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။
” သေနတ်ဒဏ်ရာလည်း တွေ့တယ်၊ လည်ပင်းကို ထိုးသွင်းဒဏ်ရာတွေလည်း ရှိတယ်။ ညကတည်းက အသတ်ခံရတာဖြစ်မယ်။ အလောင်းတွေက တောင့်နေပြီး သွေးတွေပါ ခြောက်နေပြီ။ ကျွန်တော်တို့မြို့က လူတွေတော့ မဟုတ်ဘူး ” လို့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိမှာတော့ ရုပ်အလောင်းတွေကို စစ်ကောင်စီနဲ့ လူမှုကူညီရေးအသင်းတွေက သယ်ဆောင်သွားပြီး မန္တလေးဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့လည်း ဆက်သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီထောက်ခံသူတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုပြီး နာမည်ကြီးတဲ့ သွေးသောက်အဖွဲ့ တခုပေါ်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေနဲ့ NLD ပါတီဝင်တချို့ကို သွေးသောက်တံဆိပ်ပါ ကတ်ပြားတွေ ဆွဲချိတ်ပြီး သတ်ဖြတ်မှုတွေလည်း မကြာခဏဆိုသလို ရှိခဲ့ပါတယ်။
မန္တလေးမြို့မှာတော့ သွေးသောက်အမှတ်တံဆိပ်ပါ ကတ်ပြားဆွဲချိတ်ပြီး သတ်ဖြတ်ခံရသူပေါင်း အယောက် ၂၀ ထက်မနည်း ရှိနေပြီလို့လည်း မြို့ခံတွေက ဆိုကြပါတယ်။
ဒီကနေ့ မနက်ပိုင်းဖြစ်ခဲ့တဲ့ အမျိုးသားနှစ်ဦး အသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့တော့ ကျူးလွန်သူတွေနဲ့ ပတ်သက်ပြီး DNA က သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
 
ဓာတ်ပုံ – CJ