ဇွန်၊ ၃၀
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ခုဇွန်လအတွင်း စစ်ကောင်စီရဲ့လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ ကားမတော်တဆမှု တခုကြောင့် အရပ်သားအနည်းဆုံး ဆယ့်ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းအချက်အလက်တွေအရ သိရပါတယ်။
” စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာမှာ သေဆုံးသူ၊ ဒဏ်ရာရသူ အများဆုံးပါပဲ။ လေကြောင်းတိုက်ခိုက်မှုကြောင့် တဦးသေတယ်။ လက်နက်ကြီးကြောင့် ရှစ်ဦးသေတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူ ၁၇ ဦးမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ရှစ်ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် တဦးနဲ့ ယာဉ်မတော်တဆမှုကြောင့် ရှစ်ဦး ဖြစ်တယ်လို့ DNA က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရတာပါ။
ဒါ့အပြင် သေဆုံးသူ အရပ်သားဆယ့်ခုနစ်ဦးမှာ ကလေးသူငယ်လေးဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူ သုံးဆယ်ကျော်မှာ ကလေးသူငယ် ငါးဦး အနည်းဆုံးပါဝင်တယ်လို့ သိရပါတယ်။
” ဒီလကတော့ ကလေးမြို့နယ်မှာ ပြည်သူအသေအများဆုံးလလို့ ပြောရမယ်။ စစ်အာဏာသိမ်းပြီး အတွင်းမှာပေါ့။ ကလေးဆိုတဲ့အတိုင်း ကလေးတွေလည်း တော်တော်များများပါတယ်။ လက်နက်ကြီးကြောင့် ကလေးသေဆုံးမှုလည်း အများဆုံးပါ ” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ခုဇွန်လအတွင်း ကလေးမြို့နယ်တောင်ပိုင်း သာစည်၊ ထိုမာ၊ သာယာကုန်း၊ စံသာ၊ နဂါးပွက်နဲ့ ကလေးမြို့နယ်မြောက်ပိုင်း လက်ပံချောင်း ကျေးရွာတွေအပြင် ကလေးမြို့ပေါ် တာဟန်း ရပ်ကွက်က အရပ်သားတွေပါ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။
ဇွန် ၂၄ ရက်က ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာ မြောက်ဘက်တံတားကို ခရီးသည်ကားဖြတ်နေစဉ်မှာ တံတားကျိုးကျခဲ့တာကြောင့် ကားပေါ်လိုက်ပါလာတဲ့သူ ကိုးဦးအနက် ရှစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကလေးမြို့နယ်မှာ ဇွန်လအတွင်း ကားမတော်တဆမှုတခု အပါအဝင် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူအရပ်သား ၁၇ ဦးရှိပြီး နောက်ဆက်တွဲ သေဆုံးမှုတွေလည်း ရှိနိုင်တယ်လို့ ဒေသတွင်းသတင်းအချက်အလက်တွေ စုဆောင်းသူတဦးက ဆိုပါတယ်။
” ဥပမာ ရာဇဂြိုလ်မှာ တံတားကျိုးကျလို့ ခြောက်ဦး ပွဲချင်းပြီးသေတယ်။ နောက်ထပ်နှစ်ယောက်က ဆေးရုံမှာ သေတာ။ အဲ့တော့ ပြည်သူတွေက ခြောက်ဦးသေတာပဲ သိတော့တာလေ။ လက်နက်ကြီးမှန်လို့ ဒဏ်ရာရတဲ့ ထဲမှာလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေ လက်ပံချောင်းက ခြေနှစ်ဖက်ပြတ်သွားတာမျိုး၊ နောက်ပြီး ဗိုက်ကို ထိထားတာမျိုးတွေ ရှိတယ်။ သူတို့တွေထဲက သေဆုံးရင် သိဖို့နည်းနည်းခက်သွားပြီလေ ” လို့ သူက ပြောပါတယ်။
Website တွင် ကြည့်ရှုရန် >>>
ဓာတ်ပုံ – CJ