ပုန်ကန်မှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ စစ်ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရုရှားငြင်းဆို

ဇွန်၊ ၃၀

ပုန်ကန်သူ Wagner ကြေးစားတပ်တွေနဲ့ ပူးပေါင်းခဲ့ကြောင်း စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ရုရှား စစ်ဦးစီး အရာရှိကြီး တဦးရဲ့ လက်ရှိ အခြေအနေကို မှတ်ချက်ပေးဖို့ ကရင်မလင် နန်းတော်က ငြင်းဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ဆာဂျီ ဆူရိုဗီကင်ဟာ ရုရှားက ယူကရိန်းအပေါ် ဆင်နွှဲခဲ့တဲ့ ကျူးကျော်စစ်ပွဲမှာ စစ်ရေးဗျူဟာတွေကို ဦးစီးတဲ့ အရေးအပါဆုံး စီနီယာ အရာရှိတဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ Wagner အဖွဲ့ရဲ့ ပုန်ကန်မှုမှာ Wagner ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂေါ့ဇင်နဲ့ ပူးပေါင်း ကြံစည်ခဲ့တယ်လို့ စွပ်စွဲ ခံရပြီး မော်စကိုမှာရှိတဲ့ ခေါင်းဆောင်ပိုင်းရဲ့ မယုံသင်္ကာမှုတွေနဲ့ ကြုံခဲ့ရပါတယ်။

Wagnerတွေက ရုရှားထိ ချီတက်မယ့် အစီအစဉ်ကို ပယ်ဖျက်ပြီး ပုန်ကန်မှုကို ရပ်နားလိုက်တဲ့နောက် ဆူရိုဗီကင်လည်း ရုတ်တရက် ပျောက်သွားတယ်လို့ ဆိုပါတယ်။ ဇွန် ၂၉ ရက်မှာတော့ အမေရိကန် ထောက်လှမ်းရေးတွေက ဆူရိုဗီကင်ဟာ ရုရှားမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ကရင်မလင် နန်းတော်ကတော့ ဆူရိုဗီကင်ကို ဖမ်းဆီးထားတယ် ဆိုတာကိုရော၊ အဲဒီ ဗိုလ်ချုပ် ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကိုပါ ဘာမှ မှတ်ချက် မပေးပါဘူး။

ဆူရိုဗီကင်ဟာ Wagnerက ပုန်ကန်မယ့် ကိစ္စကို ကြိုတင် သိရှိထားခဲ့ပေမယ့် ထိမ်ချန်ထားတယ်လို့ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အတွင်းစည်း ပုဂ္ဂိုလ်တွေက ယုံကြည်နေပါတယ်။ Wagnerက ပုန်ကန်နေချိန် အတောအတွင်းမှာ သူက ပရီဂေါ့ဇင်နဲ့ နောက်လိုက် ကြေးစားစစ်သည်တွေကို နောက်ကြောင်းပြန်လှည့်ဖို့ သတိပေး တိုက်တွန်းခဲ့ပါသေးတယ်။

ဆူရိုဗီကင်ဟာ ရုရှား လေတပ်ရဲ့ ဦးစီးအရာရှိလည်းဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထိ အတောအတွင်း ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် မဟာဗျူဟာ အားလုံးရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ သူဟာ ဆီးရီးယား စစ်ပွဲမှာ ပါဝင်စွက်ဖက်တဲ့ ရုရှားရဲ့ စစ်ရေးဗျူဟာတွေကိုလည်း ကွပ်ကဲခဲ့ပြီး ရုရှားစစ်တပ်မှာ ဩဇာအကြီးဆုံး စာရင်းဝင် ဗိုလ်ချုပ်တဦးအဖြစ် သတ်မှတ် ခံထားရပါတယ်။

 

Ref: CNN