အလုပ်သမားအခွင့်အရေး တောင်းဆိုသူတွေကို ဖမ်းဆီးဖို့ ပူးပေါင်းခဲ့သူတွေကို ILO နဲ့ ပူးပေါင်းပြီး ထိထိရောက်ရောက်အရေးယူမယ်လို့ NUG ပြော

ဇွန်၊​ ၃၀
 
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု အတွက် တောင်းဆိုဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေ
အပါအဝင် အလုပ်သမားတွေကို အကူအညီပေးခဲ့တဲ့ Action Labour Right အဖွဲ့ဝင်တွေကို စစ်ကောင်စီက ဆန္ဒပြဆူပူမှုတွေ ဖြစ်လာအောင် လှုံ့ဆော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၂၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ဒုတိယပတ်ထဲမှာ ရွှေပြည်သာမြို့နယ်က ဟိုစိမ့် အထည်ချုပ်စက်ရုံ မှာ တရက်လုပ်ခ ၅၆၀၀ ကျပ်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုတာနဲ့ပတ်သက်ပြီး ဦးဆောင်တောင်းဆိုတဲ့ သမဂ္ဂအဖွဲ့ဝင် ခုနှစ်ဦးကို စက်ရုံက အလုပ်ထုတ်ခဲ့ပါတယ်။
အဲဒီလို အလုပ်ထုတ်လိုက်တဲ့အပေါ် မကျေနပ်လို့ စက်ရုံအလုပ်သမားတွေက လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်ခဲ့ကြတာကြောင့် နောက်ရက်မှာ ညှိနိူင်းဖြေရှင်းပေးမယ်ပြောခဲ့ပြီး ချိန်းဆိုတဲ့နေ့မှာဘဲ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂဝင် ခုနှစ်ဦးအနက် ငါးဦးကို စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဖမ်းဆီးလိုက်တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။
ဖမ်းဆီးခံလိုက်ရသူတွေဟာ ဆန္ဒပြ တောင်းဆိုခဲ့တဲ့ ရွှေပြည်သာ ဟိုစိမ့်စက်ရုံ က အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး၊ လှိုင်သာယာ Sun Apparel Myanmar အထည်ချုပ်စက်ရုံက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ Action Labour Right အဖွဲ့က အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုအလုပ်သမားအခြေခံရပိုင်ခွင့် အတွက် တောင်းဆိုတဲ့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေကို အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်း ဖမ်းဆီးတာဟာ လုပ်သားထုအခွင့်အရေး ချိုးဖောက်တာဖြစ်သလို ရာဇဝတ်မှုမြောက်တဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ NUG ရဲ့အလုပ်သမားဝန်ကြီးဌာနဘက်က ဆိုပါတယ်။
ဒီဖြစ်စဉ်မှာ ကျူးလွန်သူတွေနဲ့ ပူးပေါင်းပါဝင်သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်မယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက DNA ကို အခုလိုပဲပြောပါတယ်။
“ Action Labour Right အဖွဲ့ဝင်တွေနဲ့ အလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး အထပ်ထပ် ကန့်ကွက်ပါတယ်၊ အခုဖမ်းဆီးမှုက ဒီ အလုပ်သမားအခွင့်ရေးတွေကို စကစက ဖောက်ဖျက်တာ တော်တော်လေးပြင်းထန်လာတဲ့ အဆင့်ရောက်ပြီလို့ ပြောလို့ရတာပေါ့နော်၊ ဒါတွေကတော့ အလုပ်သမားအခွင့်ရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်တယ်၊ ကမ္ဘာ့အလုပ်သမားထုနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကိုလည်း စိန်ခေါ်လိုက်ရာကျတယ်၊ ဒါအခုဖမ်းဆီးတယ်ဆိုတာကလည်း ကြောက်လို့ဖမ်းတာပဲ၊ အလုပ်သမားထုကို ကြောက်လို့ ဖမ်းတာ၊ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ကတော့ ကြေညာချက်တစ်ရက်ကြိုပြီးတော့ ကျွန်တော်တို့တွေ ထုတ်ထားတာရှိတယ်၊ ကျွန်တော်တို့ ကြေညာချက်ထုတ်ပြီး နောက်ရက်မှာပဲ သူတို့က ကြေညာတယ်ဆိုတော့ အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း စိန်ခေါ်တဲ့ သဘောပဲပေါ့၊ အခုဒီ ဖမ်းဆီမှုတွေမှာ ကြည့်လိုက်လို့ရှိရင် လုပ်ငန်းရှင်တွေရဲ့ စကစနဲ့ ပူးပေါင်းမှုကို မျက်ဝါးထင်ထင်မြင်လိုက်ရတာရှိတယ်၊ ဒါကြောင့် ဒီအပေါ်မှာ လုပ်ငန်းရှင်တွေအနေနဲ့ တာဝန်ယူရမယ်၊ တာဝန်ခံရမယ်၊ အဲ့လိုတာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ လုပ်ငန်းရှင်တွေကိုလည်း ရှေ့ဆက်ပြီးတော့ အရေးယူဆောင်ရွက်သွားဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေပါတယ် “ လို့ ပြောဆိုခဲ့ပါတယ်။
အခုလို အရေးယူဆောင်ရွက်ဖို့ ကိစ္စတွေကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO နဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို တော်လှန်ရေးကာလအပြီး ပြည်သူ့အစိုးရ တာဝန်ယူတဲ့ အချိန်ရောက်ရင်လည်း ထိထိရောက်ရောက်ကိုင်တွယ်‌ ဖြေရှင်းသွားမယ်လို့ သိရပါတယ်။
အခုလို အလုပ်သမားအခွင့်အရေး တောင်းဆိုသူတွေကို နိုင်ငံရေးပြစ်မှုတပ် ဖမ်းတာကို ကန့်ကွက်ကြောင်းနဲ့ ပြန်လွှတ်ပေးဖို့အတွက် ဥရောပသမဂ္ဂကလည်း စာထုတ်တောင်းဆိုထားပါသေးတယ်။
စစ်ကောင်စီရဲ့ဖမ်းဆီးမှုထဲ ပါဝင်ခဲ့တဲ့ Action Labour Right အဖွဲ့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ အထောက်အထားတွေ တွေ့ခဲ့လို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကပဲ အမည်ပျက်စာရင်းထည့်သွင်း ကြေညာထားခဲ့ဖူးပါတဘ်။
ဒါပေမယ့် အခုလို ဖမ်းဆီးခံထားရတဲ့ အခြေနေမှာတော့ သူတို့ကို နစ်နာသူအနေနဲ့ သတ်မှတ်ပြီး တသားတည်း ရပ်တည်သွားမယ်လို့ အလုပ်သမားရေးအဖွဲ့တွေက ပြောပါတယ်။
” သူတို့သည် ကာလတစ်ခုမှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ အောက်မှာ အလုပ်သမားအရေး လုပ်လို့ရမယ်လို့ ထင်ခဲ့ပုံပေါ်ပါတယ်၊ သူတို့လုပ်ကြတယ် သူတို့လုပ်ကြည့်တဲ့အခါမှာ ဘာတွေလာရလဲဆိုတော့ ဒီအကြမ်းဖက်စစ်တပ်အောက်မှာ ဘာအခွင့်အရေးမှ လုပ်လို့ မရဘူးဆိုတာ သူတို့တွေ့ကြုံရတယ်၊ ဒါသူတို့အတွက် သင်ခန်းစာပဲပေါ့နော်၊ အခုချိန်မှာ အမတို့က လူပုဂ္ဂိုလ်တွေ အဖွဲ့စည်းတွေပေါ်ကို ကြည့်တာ မဟုတ်ဘူး မူအပေါ်မှာပဲ ကြည့်တယ်၊ အခြေခံစည်းမျဉ်းပေါ်မှာပဲ ကြည့်တယ်၊ သူတို့သည် နစ်နာသူဖြစ်တယ်ဆိုရင် သူတို့ဖက်က ရပ်ပေးရမယ် ကျူးလွန်တဲ့သူကို အရေးယူနိုင်ဖို့အတွက်ကို ILO မှာ အလုပ်သမားအစုဖွဲ့ရှိတယ်၊ အလုပ်သမားစုဖွဲ့ရဲ့ ဥက္ကဌကို သတင်းပေးပို့ထားပြီးသားဖြစ်တယ်၊ ပြီးခဲ့တဲ့ တခေါက်ထဲက သတင်းပို့ထားပြီးသား ဖြစ်တယ်၊ လာမယ့် နိုဝင်ဘာမှာ COI ဖွဲ့ထားတာ ရှိတယ်၊ COI ရီပို့ ထွက်လာလို့ရှိရင် အကြမ်းဖက်စစ်တပ်ကို အရေးယူဆောင်ရွက်နိုင်ဖို့အတွက် တင်ပြထားပြီးသားဖြစ်ပါတယ် ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုး က ပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့အလုပ်သမား ငါးဦးဟာ နိုင်ငံရေးပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရပြီး ကူညီသူ သုံးဦးကတော့ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) တပ်ခံထားရတယ်ဆိုပြီး သူတို့မိသားစုနဲ့ နီးစပ်သူတွေကတဆင့် သိရတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။
 
အလုပ်သမားအခွင့်အရေး တောင်းဆိုတဲ့ အလုပ်သမားတွေ နိုင်ငံရေးပြစ်မှုနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဟိုစိမ့် အထည်ချုပ်စက်ရုံမှာ လစ်လပ်နေတဲ့ သမဂ္ဂဝင် တွေနေရာ ပြန်ရွေးဖို့ စက်ရုံဘက်က စီစဉ်နေပေမယ့် ဝင်ရောက်ရွေးချယ်ခံလိုသူ မရှိဘဲ ဖြစ်နေတယ်လို့ အဲဒီစက်ရုံအလုပ်သမားတွေဆီက သိရပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး တောင်းဆိုသူတွေနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူပေါင်း အယောက် ၃၀၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး ခေါင်းဆောင်တွေ ၃၀၀ ထက်မနည်း ဖမ်းဆီးတရားစွဲဆိုခံထားရကာ အလုပ်သမားအရေးလှုပ်ရှားသူအများစုဟာလည်း စစ်ကောင်စီရဲ့ ဖမ်းဆီး ဝရမ်းထုတ်မှုတွေကြား ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
 
ဓာတ်ပုံ – မောင်ထက်
ပုံစာ – အထည်ချုပ်လုပ်ငန်းခွင်က အလုပ်သမားများ (ပုံဟောင်း)။