ဝစီပိတ်ဇော်မဲလုံး

ဇွန်၊ ၃၀
 
သတ်ချုပ်မအလ ဦးဆောင်ကာ နိုင်ငံ့အာဏာကို မတရားရယူသိမ်းပိုက်လိုက်ပြီးတဲ့နောက် လူထုကြား ထင်ရှား ကျော်ကြားလာခဲ့တဲ့ စစ်သားတစ်ယောက်ရှိပါတယ်။ သူက သတင်းမှန်မပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မဲလုံး ဆိုသူပါပဲ။
 
သူဟာ “အာ့ကျကျ … အာ့ကျကျ” ဆိုတဲ့အပြော၊ “အဂိန်း…အဂိန်း” ဆိုတဲ့ အသုံး၊ “မိုက်လိုက်တာ သမီးရယ်” ဆိုတဲ့ စကားတွေနဲ့အတူ နေ့ချင်းညချင်းဆိုသလို ပြည်သူပြည်သားတွေကြား ဆယ်လီတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းရာမှာ ဒီနေ့အထိ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ ခွက်ခွက်လန်အောင် ရှုံးနေပေမယ့် အရှုံးထဲက အမြတ်ဆိုသလို ဇော်မဲလုံးတစ်ယောက်ကတော့ ဆယ်လီဆိုတဲ့အမြတ်ကို တစ်ဦးတည်းပိုင် ရရှိခဲ့တော့ တာပါပဲ။
 
အခုလည်း အာ့ကျကျအဂိန်းဇော်မဲလုံးတစ်ယောက် နာမည်ကြီးစရာတစ်ကွက်ထပ်ထွက်လာခဲ့ပြန်ပါတယ်။ အဲဒါ ကတော့ အကြားအမြင်ရပုဂ္ဂိုလ်၊ ရှေ့ဖြစ်ဟောပုဂ္ဂိုလ်တစ်ဦးအဖြစ် ဂုဏ်သတင်းကျော်ဇောလာခဲ့ပြန်တာပါ။
 
ဖြစ်ပုံက ဒီလိုပါ။ ပြီးခဲ့တဲ့သင်္ကြန်ကာလတုန်းက အနှီအာ့ကျကျအဂိန်းဇော်မဲလုံး ဘုန်းကြီးဝတ်သင်္ကန်းစီးတဲ့ပုံတွေ အွန်လိုင်းပေါ် တက်လာခဲ့သေးတာ သတိပြုမိကြပါမယ်။ ဒါဟာ အကုသိုလ်စိတ် ငယ်ထိပ်တက်နေတဲ့ သင်းနဲ့ သင်းတို့အစုအဖွဲ့ကို မြင်ရာကနေ ငရဲတစ်ပိဿာထဲကနေ ကုသိုလ်တစ်ပဲရဖို့ တွေးရင်း အခုလိုသင်္ကန်းစီးဖြစ်တယ် လို့ အတွင်းသတင်းတွေက ဆိုပါတယ်။ ဒါတင်မကသေးဘဲ နောက်ထပ်အကြောင်းတစ်ခုလည်း ရှိနေသေးတာကို စုံစမ်းသိရပြန်ပါတယ်။
 
အဲဒါကတော့ တော်လှန်အဖွဲ့တွေရဲ့ စခန်းသိမ်းအစွမ်းတွေ မျက်မြင်တွေ့ပြီးနောက် ကြောက်ချေးပန်းရာကနေ နီးရာ ကားကို စီး၊ နီးရာကျောင်းကိုပြေး၊ နီးရာ သင်္ကန်းကိုစွပ်၊ နီးရာသိမ်ကိုဝင်လို့ ကသုတ်ကရက် ဝတ်ဖြစ်ခဲ့တာလို့လည်း ဆိုကြပြန်ပါတယ်။ အဲဒီမှာ ကြောက်ကြောက်နဲ့ တရားတွေ အသေအလဲထိုင်၊ မြင်သမျှ၊ တွေ့သမျှကျင့်စဉ်တွေ အလွန်အမင်းကျင့်ရင်းက မတော်တဆ ပေါက်မြောက်လာခဲ့တာလို့ ဆိုကြပါတယ်။
 
အဲ့ဒီလို ဇော်မဲလုံးတစ်ယောက် အကြားအမြင်ရ၊ ရှေ့ဖြစ်တွေ ဟောနေတယ်ဆိုတဲ့ သတင်းဟာလည်း ရက်ပိုင်း၊ လပိုင်းအတွင်းကို သူတို့တပ်တွင်းနဲ့ ဘောမအချင်းချင်းကြား ပျံ့နှံ့သွားခဲ့ရာက အခုဆို သတင်းမှန်မပြန်ကြားရေး ဝန်ကြီးဌာနမှာရှိတဲ့ သူ့ရဲ့ရုံးခန်းဟာ အကြားအမြင်ပြန်ကြားရေးရုံး၊ ရှေ့ဖြစ်ဟောတဲ့ ရုံးခန်းတောင်ဖြစ်နေခဲ့ပါပြီ။ မြေပြင်ကနေ သူ့ရုံးတတိယထပ်အထိ တန်းစီနေတဲ့ လူတန်းရှည်ကြီးနဲ့ နေ့စဉ် အကြားအလပ်မရှိ ပြည့်နေတော့တာပါပဲ။
 
လာမေးသမျှလူတွေထဲ အများဆုံးကတော့ တပ်တွင်းက မိန်းမသားတွေပါပဲ။ မေးလာတဲ့ မေးခွန်းတွေထဲမှာ အများဆုံးကတော့ သူတို့လင်သားတွေ ရှေ့တန်းကနေ ဘယ်တော့ ပြန်လာမလဲ။ အသက်ရှင်လျက်ပြန်လာရဖို့ ရှိလား။ နောက်တန်းမှာရှိနေတဲ့ လင်သားတွေရော ဘယ်တော့ ရှေ့တန်း ထွက်ရမလဲ။ ထွက်ရကိန်းရှိလား။ ရှိတယ်ဆို ချေဖျက်ဖို့ ဘယ်လိုယတြာစီရင်ရမလဲ၊ အသက်အန္တရာယ် ထိခိုက်နိုင်ချေရှိသလား ဆိုတာမျိုးတွေပါပဲ။
 
လာရောက်မေးမြန်းမှု ဒုတိယအများစုဖြစ်တဲ့အုပ်စုကတော့ “စစ်ဘောမ” ဆိုတဲ့ အုပ်စုပါပဲ။ သူတို့မေးကြတာက တော့ အဘကို ဟိုလိုလေး “မ” ပေးထားတယ်။ အဲဒီအတွက် ဘယ်လိုပါမစ်ရမလဲ၊ အဘကြီး၊ အဘလေး၊ အဘ သေးသေးလေးတို့အတွက် ဟောဒီ့လိုပရော့ဂျက်လေးတွေ စီမံပေးထားပါတယ်။ အဲဒီကနေ ဘာလေးများပြန်ရ၊ ပြန်ချပေးမလဲ၊ နောက်ထပ်ကော ဘယ်လို “မ”ရင် ဘယ်လိုပါမစ်တွေ ရဖို့ရှိမလဲဆိုတာတွေက အများဆုံးပါပဲ။
 
အဲဒီမေးမြန်းကြတဲ့အုပ်စုတွေထဲ အနောက်နားကနေ မပါမဖြစ်ပါလာပြန်တာကတော့ “အဖြူရောင်အုပ်စု” ပဲပေါ့။ “အဘရေ”၊ “ဘဘရေ”၊ “ဟောဒီက ကျွန်တော့် အဘ”၊ “ဟောဒီက ကျွန်မ အဘ”၊ “ဟောဒီက သားသား ဘဘ”၊ “ဟောဒီက မီးမီး ဘဘ” ဆိုတဲ့အသံ ဆာဆာ၊ ဆာဆာတွေ ပေးလို့ပေါ့။ သူတို့အများစု မေးကြတာကတော့ အဘဗိုလ်ချုပ်မှူးကြီး မအလ အနေနဲ့ တံတားတွေ ဘယ်တော့ ဆောက်မလဲ၊ လမ်းတွေ ဘယ်တော့ ဖောက်မလဲ၊ ဆည်တွေ ဘယ်တော့ တည်မလဲဆိုတာနဲ့ အဲဒီ တံတားတွေ၊ လမ်းတွေ၊ ဆည်တွေအပေါ်မှာ ဘယ်တော့များ သီချင်းတွေတက်ဆိုပြီး ကခုန်ရဖို့ရှိမလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်။
 
အနှီသူတို့ရဲ့အနောက်နားကနေ ကပ်ပါလာသူများကတော့ အမြှောက်တစ်လိုင်း (၃၄)လိုင်းဆိုတဲ့ ပါတီဝင်တွေပဲ ဖြစ်ပါတယ်။ “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့ ဘဝင်ရူးအကကို “က” ဖြစ်အောင် မြှောက်ပေးခဲ့ကြတဲ့ အမြှောက်တစ်လိုင်းတို့ အခုတစ်ဖန်လာရောက်မေးမြန်းတာကတော့ အဲဒီတက်နေတဲ့ ဘဝင်ရူးကို ပြန်ကျအောင် ဘယ်လို ယတြာကများ ကယ်မပေးမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ မမေးလို့လည်း မဖြစ်တော့ဘူးလေ။ အမြှောက်လွန်လို့ သင်းတို့ပါ ဒုက္ခတောထဲ ပက်လက်ရော၊ မှောက်ခုံတင်မက ကန့်လန်ကြီးပါ မျောပါနေကြရပြီပဲလေ။
 
အာ့ကျကျအဂိန်းဇော်မဲလုံးရဲ့ အစွမ်းကလည်း ကျန်တဲ့နေရာမှာသာ “အာ့ကျကျ…အာ့ကျကျ”ဖြစ်ချင်ဖြစ်နေမယ် ဒီနေရာမှာတော့ ထက်သမှ၊ သွက်သမှ၊ စွမ်းသမှ သူ့နှုတ်က ထွက်လိုက်တဲ့အတိုင်းကို ကွက်တိဒတ်ထိလို့ တညီ တညွတ်တည်း ထောက်ခံအားပေးကြရတဲ့ အထိပါပဲ။ ဒါကြောင့်လည်း နေ့စဉ်နဲ့အမျှလာမေးသူ တပ်တွင်း၊ တပ်ပြင်၊ ဘောမတစ်ခွင် ရိုက်မကုန်၊ သတ်မကုန် ရှိနေတော့တာပေါ့။
 
အဲဒီလို မြေညီကနေ သုံးထပ်အထိ အကြားအလပ်မရှိ ဗေဒင်မေးဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ လူတန်းရှည်ကြီးကို မျက်ကွယ်ပြုလို့ အနှီလူတန်းကြီးရဲ့ ဘေးကနေ လှေခါးထစ် တစ်ထစ်ချင်း၊ တစ်ဆင့်ချင်းကို ဖြတ်ကျော်လျှောက် လှမ်းလာသူတစ်ယောက်လည်း ရှိနေပါတယ်။ သူကတော့ သတ်ချုပ်ဗိုလ်ချုပ်မှူးကြီး မအလ ဆိုသူပါပဲ။ သူဟာ ဝတ်လာတဲ့ ချိတ်ထဘီကို ဘယ်၊ ညာ လက်နှစ်ဖက်နဲ့ မာန်ပါပါမကာ လျှောက်လှမ်းလာရင်း အာ့ကျကျအဂိန်း ဇော်မဲလုံးအခန်းဆီ တန်းတန်းမတ်မတ်ဝင်သွားပါတော့တယ်။
 
ဝင်သွားပြီးလို့မှ မကြာမတင်လေးမှာပဲ သတ်ချုပ်မအလဟာ နဂိုဆူ၊ နဂိုပုတ်၊ နဂိုမဲ့၊ နဂိုရွဲ့နေတဲ့ မျက်နှာကြီးကို နှစ်ဆ၊ သုံးဆ၊ လေးငါးဆ ဆူပုတ်မဲ့ရွဲ့စေပြီး ထွက်လာပါတော့တယ်။ အလာတုန်းက အာဏာရှင်အိန္ဒြေအပြည့်နဲ့ တစ်လှမ်းချင်း လှမ်းတက်လာခဲ့တဲ့ သုံးထပ်ထိရှိတဲ့လှေခါးများကိုလည်း လွှားခနဲ၊ လွှားခနဲနေအောင် ခုန်ပျံကျော် လွှားကာ အသော့နှင်ဆင်းပြေးသွားပါတယ်။
 
ဒါကို မြင်လိုက်တဲ့ နိုင်ငံတော်အလုံးစုံပျက်သုန်းရေးစီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောက်လင်းခွေးတစ်ယောက် သူ့ဆရာနောက်ကို အပြေးလိုက်သွားပါတယ်။ ရှူးရှူးရှဲရှဲနဲ့ ပြေးဆင်းသွားရတဲ့ အကြောင်းရင်းစုံကို မေးပါတယ်။ သိလိုက်ရတာကတော့ သူမေးတဲ့ မေးခွန်းတွေကို ဇော်မဲလုံးက မဖြေဘဲ နှုတ် ဆိတ် ဝစီပိတ်နေတာကြောင့်ပါတဲ့။
 
“ငါကကွာ ငါလိုချင်နေတဲ့ နိုင်ငံတော်သမ္မတရာထူးကို ဘယ်တော့ရမလဲ။ ငါနဲ့ ငါ့အဖွဲ့အစည်းကို တော်လှန်ပုန်ကန် နေသူတွေကို ဘယ်တော့လောက်ဆို အပြီးသတ်ချေမှုန်းသွားနိုင်မလဲ။ ငါစီမံတဲ့ ရွေးကောက်ပွဲ ဘယ်တော့လောက် အထမြောက်မလဲဆိုတဲ့ မေးခွန်းသုံးခုတည်း မေးတာပါကွာ။ ဒါကို ဒီကောင်က…ဒီကောင်က”
 
ပြောနေရင်း သတ်ချုပ်တစ်ယောက် မျက်ရည်များပင် ဝိုင်းတက်လာကာ မျက်တောင်လေး ပုတ်ခတ်၊ ပုတ်ခတ် ဖြစ်လာပါတော့တယ်။ မေးခွန်းတွေကို ကြားပြီးနောက် အောက်လင်းခွေးတစ်ယောက်လည်း သူ့အဘကျောပြင်ကို လက်ကလေးနဲ့ အသာပွတ်သပ်ကာ သတင်းမှန်မပြန်ကြားရေးဝန်ကြီးဌာနကို ကျောခိုင်းလို့ အပြင်ကို ခေါ်ထုတ် သွားပါတော့တယ်။
 
သတ်ချုပ်တစ်ယောက် သတင်းမှန်မပြန်ကြားရေးဝန်ကြီးဌာနဝင်းထဲကနေ တစ်လှမ်းချင်းထွက်သွားနေရင်းကပင် အာ့ကျကျအဂိန်း ဇော်မဲလုံးကို ရာထူးချဖို့ ဌာနပြောင်းဖို့သာ တတွန်တွန်မှာနေရှာပါတယ်။ အောက်လင်းခွေးတစ် ယောက်ကတော့ ဘာစကားမှ မဆိုနိုင်ဘဲ ခေါင်းကိုသာ အသာညိတ်ပြနေပါတယ်။
 
အခုလောက်ဆို အာ့ကျကျအဂိန်းဇော်မဲလုံးတစ်ယောက်လည်း သူ့ရဲ့ရှေ့က စီနီယာဝစီပိတ်ကြီး ဘာ့ကြောင့် ဝစီပိတ်နေရသလဲဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်သွားလောက်ပါပြီလေ။
 
ကိုရင်နွေဦး