ကလေး-တမူးလမ်း ပိတ်တာ နှစ်ပတ်ကျော်ကြာမြင့်လို့ တမူးမြို့ပေါ်မှာ စားသောက်ကုန်တွေစျေးတက်

ဇွန်၊​၂၉
 
စစ်ကိုင်းတိုင်း၊ အိန္ဒိယနယ်စပ်က ကလေး – တမူးကားလမ်းပိတ်တာ နှစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်တဲ့အတွက် တမူးမြို့ပေါ်မှာ ကုန်စိမ်းနဲ့ စားသောက်ကုန်တွေ စျေးအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ဂေါ်ရခါးသီး တစ်လုံး တထောင်၊ ခရမ်းချဉ်သီး တပိသာ တသောင်းနှစ်ထောင်။ တမူးမှာ ကြက်ခြံလည်း မရှိတော့ ကြက်ဥတလုံး ငါးရာပေးရတယ်။ ဒါတောင် လိုချင်တိုင်း ဝယ်မရတော့ဘူး ” လို့ တမူးမြို့ခံ အိမ်ထောင်ရှင်မတဦးက ပြောပါတယ်။
 
ပုံမှန်ချိန် ခရမ်းချဉ်သီး တပိသာ သုံးလေးထောင်လောက်သာ စျေးရှိပြီး လက်ရှိ တသောင်းနှစ်ထောင် ဖြစ်နေတဲ့အတွက် လေးဆလောက် စျေးတက်သွားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
အခြားကုန်စိမ်းသီးနှံတွေလည်း အဆမတန်ကုန်စျေးနူန်း မြင့်နေသလို ကလေးဖက်ကနေလာတဲ့ မုန့်ပဲသရေစာတွေနဲ့ ကြက်ဥတွေလည်း စျေးတက်နေကာ ဓာတ်ဆီကတော့ အိန္ဒိယဘက်က ဝင်တဲ့အတွက် အခြားကုန်ပစ္စည်းတွေနဲ့စာရင် စျေးအနည်းငယ်သာ တက်တယ်လို့ သိရပါတယ်။
 
တမူးမြို့တောင်ဘက် လေးမိုင်ဝန်းကျင်အကွာ ပျူစောထီးတွေ ကြီးစိုးတဲ့ ပန်းသာရွာက စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား စစ်ရေးတင်းမာမှုကြောင့် ခုဇွန်လ ၁၀ ရက်ကနေ ကလေး-တမူး ကားလမ်း ပိတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဇွန် ၁၅ ရက်မှာ ပန်းသာရွာက စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ပျူစောထီးတွေနဲ့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုတွေပါ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
 
” တိုက်ပွဲဖြစ်၊ လမ်းကပိတ်တော့ အခြေအနေမကောင်းဘူး။ ကုန်စိမ်းကားတွေကတော့ ဘုက္ကန်ရွာမှာ စောင့်ရင်း ကုန်စိမ်းတွေ ပုပ်ကုန်တယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ကုန်စိမ်း စားသောက်ကုန်တွေ၊ မုန့်ပဲသွားရည်စာတွေနဲ့ ဓာတ်ဆီ၊ ဒီဇယ်တွေဟာ တမူးမြို့ကို ကလေးဘက်ကနေ ဝင်ရောက်တာဖြစ်ပြီး လမ်းပိတ်ထားတာကြောင့် အဆိုပါပစ္စည်းတွေ စျေးနှုန်းမြင့်တက်ပြီး ပြတ်လပ်မှုတွေလည်း ဖြစ်နေတာပါ။
 
” ကုန်စိမ်းက ကျနော်တို့ တမူးပဲမဟုတ်ဘူး။ အိန္ဒိယဘက်ခြမ်းကလည်း ကလေးဘက်ကလာတဲ့ ကုန်စိမ်းကိုပဲ အားထားနေကြရတာ၊ ဝယ်ယူစားသောက်ကြတာ။ လမ်းပိတ်တော့ နှစ်နိုင်ငံနယ်စပ်က လူတွေ အကုန်အခက်တွေ့တာပဲ ” လို့ တမူးမြို့ခံတဦးက ပြောပါတယ်။
 
တမူးမြို့ဝန်းကျင်မှာ လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေတာကြောင့် ကလေး-တမူးလမ်းမကြီးကို သွားလာလို့မရသေးဘဲ တမူးမြောက်ပိုင်း ဟုမ္မလင်းဘက်ကို သွားတဲ့ အောင်ဇေယျကားလမ်းပါ ပိတ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – တမူးမြို့၊ အိန္ဒိယနယ်စပ် မြောက်ငိုသီးပေါ်ချိန် မြောက်ငိုသီးရောင်းဝယ်နေကြတဲ့ ကုန်စိမ်းစျေးသည်တွေကို ၂၀၂၂ ခုနှစ် အတွင်းက တွေ့ရစဥ်။