ရေတံခွန်တွေ၊ တောင်ကျချောင်းတွေကို သွားရောက်လည်ပတ်တာ မလုပ်ကြဖို့ လောင်းလုံးပီဒီအက်ဖ်ထုတ်ပြန်

 

ဇွန်၊ ၂၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ ဒေသအတွင်းရှိ ရေတံခွန်တွေ၊ တောင်ကျချောင်းတွေကို သွားရောက်လည်ပတ်တာ မလုပ်ကြဖို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၂၈ ရက်မနေ့က  သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေက ပြည်သူတွေနဲ့ ရောနှောသွားလာနေတာကို တွေ့နေရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်လာရင် ပြည်သူတွေထိခိုက်မှာ စိုးရိမ်တာကြောင့် အခုလို ထုတ်ပြန်ရတာလို့လည်း ဆိုပါတယ်။

“အခုက မိုးရာသီရောက်လာတော့ ရေတံခွန်တွေ၊ တောင်ကျချောင်းတွေကို တော်တော်သွားလည်နေကြတာ၊ အာဏာသိမ်းကာလမှာ စိတ်တွေ မွန်းကျပ်နေကြလို့ အခုလို တဒင်္ဂ ပျော်ချင်ကြတာကိုလည်း ကျွန်နော်တို့ နားလည်ပါတယ်။ ဒါပေမယ့် အခုက ပြည်သူတွေကြားထဲ စရဖ ကားတွေ၊ ပျူတွေပါ ယှဉ်ပြီး သွားလာနေကြတာ၊ အဲကြောင့် တိုက်ပွဲဖြစ်လာရင် ကြားက လမ်းသွားလမ်းလာတွေထိမှာစိုးလို့ အခုလို ထုတ်ပြန်ရတာပါ” လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက DNA ကို ပြောပါတယ်။

ဒါပေမယ့် လောင်းလုံးမြို့ခံ လူငယ်တဦးကတော့ အခုလို ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေး လထုတ်ပြန်တာကို ကြိုဆိုပေမယ့် သွားရောက်လည်ပတ်နေသူတွေကိုလည်း အပြစ်မတင်ချင်ဘူးလို့ ပြောပါတယ်။

“သူတို့(PDF)ဘက်က ကြည့်ရင်လည်း မှန်တာပဲ၊ တိုက်ပွဲဖြစ်လို့ ကြားကပြည်သူတွေထိသွားရင် သူတို့ အပြစ်တင်ခံနေရအုံးမှာ၊ တဖက်ကကြည့်ရင်လည်း အာဏာသိမ်းထားတာကြာပြီဆိုတော့ ပြည်သူတွေကလည်း ပျော်ချင်ကြတယ်၊ အဲတော့ မိုးရာသီရောက်လို့ ရေဆင်းလာတော့ ရွာနဲ့ နီးနီးနားနားဆို သွားကူးချင်ကြတာ” လို့ သူကပြောပါတယ်။

လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာတချို့မှာ မိုးရာသီရောက်တိုင်း ရေတံခွန်တွေ၊ ရွာအနီးက တောင်ကျချောင်းတွေမှာ ရေလာကူးတဲ့သူတွေ၊ အပန်းဖြေလာရောက်ကြတဲ့ မိသားစုတွေနဲ့  အမြဲစည်ကားနေလေ့ ရှိပါတယ်။

ကိုဗစ်မဖြစ်ပွားခင် ၂၀၁၉ ခုနှစ်တွေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုမတိုင်ခင် ကာလတွေကဆိုရင် တောကျဲကျေးရွာမှာရှိတဲ့ နာမည်ကျော် တောကျဲရေတံခွန်ကို လာရောက်လည်ပတ်သူ ငါးရာနီးပါး နေ့စဉ်မပြတ် ရှိခဲ့ပါတယ်။

တဖက်မှာလည်း လောင်းလုံးမြို့နယ်မှာ အခု ဇွန်လအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ တပ်စခန်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က လေးကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့တာလည်းရှိပါတယ်။

တိုက်ခိုက်မှုအတွင်း ဒုရဲအုပ်တဦး၊ ရဲတပ်ကြပ်တဦးနဲ့ စစ်ကောင်စီတပ်သားတဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပါတယ်။