ဇွန်၊ ၂၉
စကားမှားပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အီရတ် စစ်မြေပြင်မှာ ရှုံးနိမ့်နေပြီလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားသွားခဲ့ပါတယ်။
ဇွန်လ ၂၈ ရက်က အိမ်ဖြူတော်ကနေ ချီကာဂိုဆီ သွားရောက်မယ့် ခရီးစဉ် မတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဘိုင်ဒန်က အခုလို စကားမှားခဲ့တာပါ။ သူက ယူကရိန်း စစ်ပွဲမှာ ပူတင် အခြေအနေ မကောင်းကြောင်း ပြောခဲ့ပေမယ့် နိုင်ငံမှားပြီး အီရတ်လို့ ပြောမိသွားတာ ဖြစ်ပါတယ်။
သတင်းထောက်တွေက ရုရှားမှာ ဖြစ်ပွားခဲ့တဲ့ ပုန်ကန်မှုက ပူတင်ရဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲ အစီအမံတွေကို ထိခိုက်သွားစေနိုင်သလားလို့ ဘိုင်ဒန်ကို မေးခဲ့ပါတယ်။
ဘိုင်ဒန်က ဒီကိစ္စကို အတိအကျ ပြောဖို့တော့ခက်ကြောင်း၊ သေချာတာက ပူတင်ဟာ အီရတ်က စစ်ပွဲမှာ အရှုံးတွေ ကြုံနေကြောင်း၊ ပြည်တွင်းမှာရော နိုင်ငံတကာ မျက်နှာစာမှာပါ ပူတင်ဟာ အပယ်ခံ ဖြစ်လာကြောင်း၊ ဒါဟာ NATO၊ ဥရောပ သမဂ္ဂ၊ ဂျပန်တို့သာ မကဘဲ နိုင်ငံ ၄၀ လောက်ရဲ့ သဘောထားမျိုး ဖြစ်နေကြောင်း ဖြေကြားသွားခဲ့တာပါ။
ဘိုင်ဒန်ဟာ ၂၄ နာရီအတွင်း ဒုတိယအကြိမ်မြောက် စကားမှားခဲ့တာလည်း ဖြစ်ပါတယ်။ ဇွန် ၂၇ ရက် ညပိုင်းတုန်းကလည်း အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ အိမ်ဖြူတော်ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အကြောင်း ရန်ပုံငွေ အခမ်းအနား တခုမှာ ပြောခဲ့တဲ့အခါ နိုင်ငံမှားပြီး တရုတ်လို့ ပြောမိပါတယ်။ အဲဒီတုန်းကတော့ သူ့စကား အမှားကို ချက်ချင်း သတိထားမိပြီး သူဆိုလိုတာ တရုတ် မဟုတ်ဘဲ အိန္ဒိယဖြစ်ကြောင်း ဘိုင်ဒန်က ပြန်ပြင်ဆင်ခဲ့ပါတယ်။
အသက် ၈၀ အရွယ် သမ္မတ အတွက်တော့ လူကြားထဲမှာ အခုလို စကားမှားတတ်တာတွေ အရင်ကလည်း ကြုံခဲ့ဖူးပါတယ်။ သူဟာ အမေရိကန်ရဲ့ အသက် အကြီးဆုံး သမ္မတဖြစ်ပြီး ဧပြီလတုန်းက Reuters သတင်းဌာန ဦးဆောင်ပြီး ကောက်ယူတဲ့ လူထုအမြင် စစ်တမ်းမှာ ပါဝင်ဖြေဆိုသူ နိုင်ငံသား ၇၃ ရာခိုင်နှုန်းက သမ္မတရဲ့ အသက်အရွယ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ဝန်ခံ မှတ်ချက်ပေးခဲ့ကြပါတယ်။