အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကို ဖမ်းဆီးတဲ့ ဟိုစိမ့်စက်ရုံမှာလစ်လပ်သမဂ္ဂဝင်တွေပြန်ရွေးရာမှ လုပ်မယ့်သူမရှိဖြစ်နေဟုဆို

ဇွန်၊ ၂၉

အလုပ်သမားအခွင့်အရေးတောင်းဆိုတဲ့အလုပ်သမားတွေ နိုင်ငံရေးပြစ်မူနဲ့ဖမ်းဆီးတရားစွဲခံထားရတဲ့ ဟိုစိမ့်အထည်ချုပ်စက်ရုံမှာ လစ်လပ်နေတဲ့ သမဂ္ဂဝင် တွေနေရာ ပြန်ရွေးဖို့စက်ရုံဘက်ကစီစဉ်နေပေမယ့် ဝင်ရောက်ရွေးချယ်ခံလိုသူမရှိဘဲဖြစ်နေတယ်လို့ အဲဒီစက်ရုံအလုပ်သမားတွေဆီကသိရပါတယ်။

ရွှေပြည်သာမြို့နယ်က ဟိုစိမ့်အထည်ချုပ်စက်ရုံမှာ တရက်လုပ်ခ ၅၆၀၀ ကျပ်ပေးဖို့အလုပ်သမားတွေကတောင်းဆိုတာနဲ့ပတ်သက်လို့ စက်ရုံဘက်ကလိုက်လျောခဲ့ပေမယ့် ဦးဆောင်တောင်းဆိုတဲ့သမဂ္ဂဝင် ခုနှစ်ဦးကိုတော့ အလုပ်ကထုတ်ခဲ့ပါတယ်။

အဲဒီလိုအလုပ်ထုတ်လိုက်တဲ့အပေါ်မကျေနပ်လို့ စက်ရုံအလုပ်သမားတွေက ဇွန် ၁၃ကလုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်ခဲ့ကြပြီး စစ်တပ်နဲ့ဌာနဆိုင်ရာပုဂ္ဂိုလ်တွေရောက်လာကာ နောက်ရက်မှာညှိနိူင်းဖြေရှင်းပေးမယ်ပြောခဲ့ပြီး ချိန်းဆိုတဲ့နေ့မှာဘဲ အလုပ်ထုတ်ခံရတဲ့အလုပ်သမားသမဂ္ဂဝင် ခုနှစ်ဦးအနက် ငါးဦးကိုဖမ်းဆီးလိုက်တာလို့ အလုပ်သမားတွေထံကသိရပါတယ်။

“အဲဒီအလုပ်ထုတ်ခံရတဲ့ သမဂ္ဂဝင်တွေ၊ စက်ရုံဘက်ကအခေါ်ကတော့ WCCပေါ့၊သူတို့နေရာကိုပြန်ဖြည့်ဖို့လုပ်သေးတယ်။စက်ရုံဘက်က လုပ်ချင်သလိုလုပ်တာ၊ စစ်တပ်ခေါ်တာတွေဘာတွေမြင်ထားတော့ဝင်အရွေးခံလိုတဲ့သူမရှိဘူးဖြစ်တာ”လို့ လက်ရှိလုပ်ငန်းခွင်ဝင်နေတဲ့အလုပ်သမားတဦးကပြောပါတယ်။

လက်ရှိမှာ လစ်လပ်နေတဲ့အလုပ်သမားကိုယ်စားလှယ်တွေနေရာမှာ အစားထိုးဖို့ စက်ရုံဘက်ကကြိုးစားနေပြီး အလုပ်ရှင်သြဇာခံသူတွေကိုဘဲ ထည့်သွင်းဖို့ရှိနေတယ်လို့ စက်ရုံလုပ်သားတွေကဆိုပါတယ်။

 အဲဒီအလုပ်သမား ခုနှစ်ဦးအလုပ်ထုတ်ခံရတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်၊ အလုပ်သမားရေးရာဌာနတွေနဲ့ ဇွန် ၁၄ရက်မှာဖြေရှင်းဆောင်ရွက်ပေးထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ အလုပ်သမား ငါးဦးနဲ့ ကူညီပေးသူ သုံးဦးတို့ဖမ်းဆီးခံရတဲ့ကိစ္စကိုတော့  ထိန်ချန်ထားပါတယ်။

ဒါ့အပြင် လစ်လပ်နေတဲ့  အလုပ်သမား ကိုယ်စားလှယ် ခုနှစ်ဦး နေရာကို ဇွန်၃ဝမှာနောက်ဆုံးထား အစားထိုးရွေးချယ်ဖို့အတွက်ကိုလည်း စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက စက်ရုံကိုညွန်းထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့အလုပ်သမား ငါးဦးဟာ နိူင်ငံရေးပုဒ်မ၅၀၅နဲ့တရားစွဲဆိုခံထားရပြီး ကူညီသူ သုံးဦးကတော့ မတရားအသင်းဆက်သွယ်မူပုဒ်မ ၁၇(၁)တပ်ခံထားရတယ်ဆိုပြီး သူတို့မိသားစုနဲ့နီးစပ်သူတွေကတဆင့်သိရတယ်လို့အလုပ်သမားအရေးလူပ်ရှားသူတွေကဆိုပါတယ်။

“မိသားစုနဲ့လည်း တိုက်ရိုက်အဆက်သွယ်မရကြလို့၊ ဖမ်းဆီးခံရတဲ့အခြေအနေအတိအကျကိုတော့မသိရသေးဘူး။အားလုံးကတော့ကြိုးစားစုံစမ်းနေကြတယ်”လို့ ရွှေပြည်သာမြို့နယ်ကအလုပ်သမားအရေးလူပ်ရှားသူတစ်ဦးကပြောပါတယ်။

အခုလို အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကို နိူင်ငံရေးပြစ်မူတပ်ဖမ်းတာကိုကန့်ကွက်ကြောင်းနဲ့ပြန်လွှတ်ပေးဖို့အတွက် ဥရောပသမဂ္ဂကလည်းစာထုတ်တောင်းဆိုထားပါသေးတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကိုစက်ရုံဘက်က စစ်တပ်ခေါ်ပြီးခြိမ်းခြောက်တာ၊ ဖမ်းဆီးတာတွေဟာ ကျင့်ဝတ်နဲ့ညီတဲ့လုပ်ဆောင်ချက်မဟုတ်အလုပ်သမားအရေးလူပ်ရှားသူတွေကဝေဖန်ပြောဆိုကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းပြီးအလုုပ်သမားတွေအပေးအခွင့်အရေးချိုးဖောက်တာဟာ ရာဇဝတ်မှုမြောက်တဲ့ လုပ်ဆောင်မှုဖြစ်တာကြောင့် အဲဒီကျူးလွန်နေတဲ့ လုပ်ငန်းရှင်တွေကို ထိရောက်တဲ့ ဟန့်တားအရေးအယူမှုတွေလုပ်မှာဖြစ်တယ်လို့ ဇွန်လ ၂၈  ရက် မနေ့က သတိပေးထားပါတယ်။

ရွှေပြည်သာမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ်ဖြစ်နေတာကြောင့် ဖမ်းဆီးခံထားရသူတွေအနေနဲ့စစ်ဘက်တရားရုံးမှာအမူရင်ဆိုင်ရဖို့ရှိနေတယ်ဆိုပြီးသတင်းထွက်နေပေမယ့် သူတို့ဖမ်းဆီးထားမူအခြေအနေအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

မြန်မာ ဟိုစိမ့်စက်ရုံဟာ တရုတ်နိူင်ငံသားပိုင်ဖြစ်ပြီး မြန်မာနိူင်ငံသားမန်နေဂျာက ဦးစီးဆောင်ရွက်နေကာ ZARA၊ Inditex အမှတ်တံဆိပ်အထည်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။