အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ဆယ်ဦးကို ဆူပူအောင်လှုံ့ဆော်တယ်စွပ်စွဲချက်နဲ့ စစ်ကောင်စီဖမ်းဆီး

ဇွန် ၊ ၂၉

အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုအတွက် တောင်းဆို ဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေအပါအဝင် အဲ့ဒီအလုပ်သမားတွေကို အကူအညီပေးခဲ့တဲ့ Action Labour Rightအဖွဲ့ဝင် ဆယ်ဦးကို ဆူပူအောင်လှုံ့ဆော်တယ်စွပ်စွဲချက်နဲ့ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေက တဆင့် ဇွန်လ ၂၈ ရက် မနေ့က ထုတ်ပြန်လိုုက်ပါတယ်။

“ ကျွန်မတို့ကတော့ နဂိုထဲက အကြမ်းဖက်စစ်အုပ်စုရဲ့ အကျင့်အကြံကိုသိပြီးသား ဘယ်လိုမှကို သူတို့ကယုံကြည်စရာမကောင်းတဲ့သူကိုဆိုတာသိပြီးသား၊ အဲ့တာကြောင့် တောက်လျှောက်ပြောနေတာ သူတို့ရဲ့ လက်အောက်မှာ အလုပ်သမားအခွင့်အရေးဆိုတာ ဘယ်လိုမှဖော်ဆောင်လို့မရဘူးဆိုတာကို၊ ပြောနေတဲ့ကြားထဲက လုပ်ကြတဲ့အခါကြတော့ ဒီလိုမျိုးကိစ္စတွေဖြစ်လာတာပေါ့’’ လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က မဖြိုးစန္ဒာစိုးက DNA ကိုပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ပြီးခဲ့တဲ့ ဇွန်လ၊ ၁၄ ရက်နေ့ ကဆန္ဒပြခဲ့တဲ့ ရွှေပြည်သာ ရှိ ဟိုစိမ့်(မြန်မာ) အထည်ချုပ်စက်ရုံက အမျိုးသမီး လေးယောက်၊ အမျိုးသား တ ဦး၊ လှိုင်သာယာ Sun Apparel Myanmar အထည်ချုပ်စက်ရုံက အမျိုးသား တဦးနဲ့ အမျိုးသမီး တ ဦး၊ Action Labour Right အဖွဲ့က အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား တ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ကြေညာချက်ထဲမှာတော့ Action Labour Right အဖွဲ့ဝင်တွေနဲ့‌ ခေါင်းဆောင်တွေဟာ အလုပ်သမားတွေကို စည်းရုံးပြီး စက်ရုံအတွင်း ဆန္ဒပြမှုတွေဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့တယ်စွပ်စွဲထားပြီး အဖွဲ့ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ကိုသူရိန်အောင်နဲ့ မသူဇာတို့ကိုတော့ အခုချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့လဲ သိရပါတယ်။ 

ဖမ်းဆီးဖို့ကျန်နေတဲ့ Action Right Labour အဖွဲ့က မသူဇာဦးဆောင်ပြီးဒီနှစ်ဖေဖော်ဝါရီလက ရွှေပြည်သာမြို့မှာ အလုပ်သမား နှစ်ဆယ်ခန့်ကို စည်းရုံးပြီးဆူပူဆန္ဒပြအောင်လှုံ့ဆော်လို့ ဇွန်လမှာ ဟိုစိမ့်(မြန်မာ) နဲ့ Sun Apparel Myanmar  အထည်ချုပ်စက်ရုံက အလုုုပ်သမားအချို့ အလုပ်ခွင်မဝင်ဘဲ ဆန္ဒပြခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါသေးတယ်။

Action Labour Right  အဖွဲ့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ အထောက်အထားတွေ တွေ့ခဲ့လို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု Labour Alliance က ပြီးခဲ့တဲ့၂၀၂၂ခု နှစ်ကပဲ အမည်ပျက်စာရင်းထည့်သွင်းကြေညာခံခဲ့ရတဲ့ အဖွဲ့တခုဖြစ်ပါတယ်။

ဒါပေမယ့် အခုလို ဖမ်းဆီးခံထားရတဲ့ Action Labour Right အလုပ်သမားအဖွဲ့ဝင်တွေ နဲ့ အလုပ်သမားတွေ ရဲ့ နစ်နာမှုတွေကို CTUM အပါအဝင် အခြားအလုပ်သမားအဖွဲ့တွေက နိုင်ငံတကာအလုပ်သမားအဖွဲ့ International Labour Organization (ILO) ရဲ့ အလုပ်သမား အစုအဖွဲ့ ကို တင်ပြထားတယ်လို့ သိရပါတယ်။

ILO အနေနဲ့ အခုလို အလုပ်သမားအခွင့်အရေးဆောင်ရွက်သူတွေ အလုပ်သမားတွေအပေါ်အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့  စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် အရေးယူနိုင်ရေး ကို လည်း CTUM အပါအဝင်အလုပ်သမားအဖွဲ့အစည်းတွေက  ဆက်လက်ဆောင်ရွက်နေတယ်လို့လဲသိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး တောင်းဆိုသူတွေ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်နဲ့ ခေါင်းဆောင် သုံးရာ ထက်မနည်း ဖမ်းဆီးတရားစွဲဆိုခံထားရပြီး စစ်ကောင်စီရဲ့လိုက်လံ ဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာတွေလဲရှိနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းပြီးအလုုပ်သမားတွေအပေးအခွင့်အရေးချိုးဖောက်တာဟာ ရာဇဝတ်မှုမြောက်တဲ့ လုပ်ဆောင်မှုဖြစ်တာကြောင့် အဲဒီကျူးလွန်နေတဲ့ လုပ်ငန်းရှင်တွေကို ထိရောက်တဲ့ ဟန့်တားအရေးအယူမှုတွေလုပ်မှာဖြစ်တယ်လို့ NUG အ လုပ်သမားဝန်ကြီးဌာနက ဇွန်လ ၂၈  ရက် မနေ့က သတိပေးထားပါတယ်။

‘’နောက်တခုက အလုပ်ရှင်ဆိုတာ သူတို့အကျိုးစီးပွားကို ထိခိုက်လာမယ်ဆိုရင် အလုပ်သမားကိုချကျွေးဖို့ဝန်မလေးဘူး၊ ဒါကြောင့် အကြမ်းဖက်စစ်တပ်ကိုခေါ်ပြီးဖမ်းခိုင်းတာ၊ အရင်တုန်းကလဲဒီလိုပဲလုပ်တာပဲ၊ မြန်မာနိုင်ငံမှာ လာလုပ်တဲ့အလုပ်ရှင်ဆိုတာ ဒီအခွင့်အရေးတွေဆိုတာကို သူတို့ဘာမှသိတာမဟုတ်ဘူး၊ အကြမ်းဖက်စစ်တပ်ကို မဖယ်ရှားနိုင်ပဲနဲ့ ဒီအခွင့်အရေးတွေရဖို့ဆိုတာ မဖြစ်နိုင်ဘူး၊”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က မဖြိုးစန္ဒာစိုးက DNA ကိုပြောပါတယ်။

Photo-စစ်ကောင်စီမီဒီယာ