သုံးလအတွင်း သေဆုံးသူအမျိုးသမီး တရာကျော်မှာ မီးရှို့သတ်ဖြတ်ခံရသူ ၁၆ ဦးပါဝင်

ဇွန်၊​၂၈

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ၂၀၂၃ ခုနှစ် ဧပြီလကနေ ဇွန်လအထိ သုံးလတာအတွင်းအမျိုးသမီး  ၁၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး အဲဒီအထဲမှာ မီးရှို့သတ်ဖြတ်ခံရသူ ၁၆ ဦးပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန် ထားပါတယ်။

“သုံး လအတွင်း အမျိုးသမီးသေဆုံးမှုက ပိုနည်းသွားတယ်ဆိုတာ မတွေ့ရဘူး။ ပုံစံမျိုးစုံနဲ့ အမျိုးသမီးတွေ သေဆုံးမှုက များနေတာတွေ့ရတယ်’’ လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ၊ တွဲဖက်အတွင်းရေးမှူး မဇူးပဒုံမ္မာပြောပါတယ်။

သေဆုံးသူအမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  ၆၂  ဦး၊ လက်နက်ကြီးကြောင့် ၂၂ ဦး၊ ဖမ်းဆီးထိန်းသိမ်းပြီး သတ်ဖြတ်မှုကြောင့် ငါးဦး၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ ၁၆  ဦးနဲ့  ပစ်သတ်ခံရမှုကြောင့် ဆယ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

“သေဆုံးရတဲ့ အကြောင်းအရင်းက categories နှစ်ခု၊ သုံးခုထပ်တာတွေ ရှီလို့ပါ။ အချို့သေဆုံးမှုတွေက ဖမ်းဆီးထိန်းသိမ်းခံထားရတယ်၊ အဲ့ဒီလို ဖမ်းဆီးခံရစဉ်အတွင်းမှာ ပစ်သတ်ခံရတာတွေ၊ အရှင်လတ်လတ်မီးရှို့ခံရတာတွေ ရှိပါတယ်။ ဒါကြောင့် သေဆုံးရတဲ့ အကြောင်းအရင်း နှစ်ခုထက်ပိုထပ်တာတွေ ရှိပါတယ်။ အဲ့ဒါကြောင့်ပါရှင့်။ သေဆုံးသူအရေအတွက်ကတော့ ၁၁၁ ဦးပါရှင့်”လို့မြန်မာ့အမျိုးသမီးသမဂ္ဂ၊ တွဲဖက်အတွင်းရေးမှူး မဇူးပဒုံမ္မာပြောပါတယ်။ 

‘’အမျိုးသမီးတွေ ရှေ့တန်းသွားလို့ တိုက်ပွဲကျလို့ သေဆုံးတာအပြင်ကို စစ်ကောင်စီက ရွာထဲကို အကြောင်းမဲ့ ဝင်ပြီး၊ စစ်ဆေးမေးမြန်းပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာမျိုး၊ မီးရှို့သတ်ဖြတ်ပစ်လိုက်တာမျိုး၊ Air Strike လုပ်ပစ်တာမျိုးက ပိုများတယ်။ သူတို့နဲ့ အပြန်အလှန် ပစ်ခတ်နေတဲ့ အမျိုးသမီးတွေပဲ မဟုတ်ပဲနဲ့ လက်နက်မဲ့ပြည်သူတွေကို ပိုမို လုပ်လာတာကို တွေ့လာရတယ်” လို့ဖြည့်စွက်ပြောပါတယ်။

သုံးလအတွင်း သေဆုံးမှုတွေထဲမှာဧပြီလ ၁၁ ရက်က  ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း ၊ကန့်ဘလူမြို့နယ်က ၄၆ ဦးနဲ့ အများဆုံး သေဆုံးခဲ့ပြီး၊ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှာ ၁၃ ဦးနဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ငါးဦးနဲ့ ယင်းမာပင်မြို့နယ်မှာ လေး ဦးတို့ အစဉ်လိုက်အများဆုံးသေဆုံးခဲ့ပါတယ်။

“စစ်ကိုင်းတိုင်း ကန်ဘလူ ပဇီးကြီးနဲ့ ပတ်သက်တဲ့အမှုက အဲဒီမှာတင် အများကြီးရှိတော့ လေကြောင်း တိုက်ခိုက်မှုနဲ့ သေဆုံးမှု အများဆုံးပေါ့နော်၊ တချို့က စစ်ဖြစ်လို့ ဗုံးကြဲတယ်။ တချို့က စစ်မဖြစ်ပဲ PDF တွေ ရှိတယ်စသဖြင့် ပုံစံမျိုးနဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ Air Strike လုပ်တဲ့ သေဆုံးမှုတွေပေါ့နော်” လို့ မဇူးပဒုံမ္မာပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်ဟာဒီသုံးလအတွင်း တိုင်းနဲ့ ပြည်နယ်အသီးသီးက ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပါအဝင်   အမျိုးသမီး ၆၇  ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ လည်း မြန်မာ့အမျိုးသမီးသမဂ္ဂက ဆက်လက်ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးထိန်းသိမ်း ခံရမှုတွေထဲမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ကိုး ဦး၊ တနင်္သာရီတိုင်း၊ လောင်လုံးမြို့နယ်က ငါးဦးတို့ ဖြစ်ပြီး ကျိုက်ထိုမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ရွှေဘိုမြို့နယ်တို့က လေး ဦးစီ ဖမ်းဆီးခံထားရပါတယ်။ 

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ခုနှစ်၊  ဇွန်လ ၅ ရက်အထိ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကာလအတွင်း ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီးပေါင်း ၇၇၄ ဦး၊ သေဆုံးသူအမျိုးသမီးပေါင်း ၅၆၉ ဦးနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ၃၆၂၃ ဦးရှိတယ်လို့ ဆိုပါတယ်။

ထုတ်ပြန်တဲ့ အချက်အလက်တွေကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂတို့က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ထုတ်ပြန်တာဖြစ်ပြီး  မြေပြင်မှာ အခုထက် ပိုမိုများပြားနိုင်တယ်လို့ သိရပါတယ်။ 

အာဏာသိမ်းဖို့ ကြိုးပမ်းစဉ် နှစ်နှစ်ကျော်ကာလအတွင်း ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့ရဲ့ ပဋိပက္ခဒေသများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၃၆ မှု၊ အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် ကာမလိမ်လည်မှု ၂၃ မှု တို့ ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက 

ဇွန်လမှာ “နိုင်ငံရေး မတည်ငြိမ်မှုနှင့်အတူ အမျိုးသမီးများ ရင်ဆိုင်နေရသည့် လိင်အကြမ်းဖက်မှုများ”ဆိုတဲ့ စာတမ်ကို ထုတ်ပြန်ထားပါတယ်။ 

အဲဒီအမှုတွေဟာ စစ်ကောင်စီတပ်က ကျူးလွန်တဲ့ အမှုတွေ၊ PDF အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့က ကျူးလွန်တဲ့အမှုတွေနဲ့ အရပ်သားအချင်ချင်းကြား ကျူးလွန်တဲ့ အမှုတွေပါဝင်တယ်လို့ ဆိုပါတယ်။