ရန်ကုန်မှာ စားသုံးဆီစျေးနှုန်းမြင့်တက်လာသလို လက္ကားဆိုင်တချို့မှာ ကုန်ပစ္စည်းပြတ်

ဇွန်၊ ၂၈
 
ရန်ကုန်တိုင်းအတွင်းမှာ အခြေခံစားသောက်ကုန်တွေထဲက အဓိကစားကုန်ဖြစ်တဲ့ စားသုံးဆီတွေ ပြတ်လပ်နေတဲ့အပြင် စျေးနှုန်းဟာလည်း အဆမတန်မြင့်တက်နေတာကြောင့် အခက်အခဲတွေ ဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက DNA ကိုပြောပါတယ်။
 
စားသုံးဆီစျေးနှုန်းဟာ ဇွန်လအလယ်လောက်အထိ အချိန်တဆယ်ပုံး တပုံးကို ၆၈,ဝဝဝကျပ်အထိသာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ အချိန်တဆယ် ဆီပုံးတပုံးကို ၈၄,ဝဝဝ ကျပ်အထိ စျေးနှုန်းမြင့်တက်လာနေတာလို့ ဒေသခံတွေက ပြောပါတယ်။
 
” လက္ကားရောင်းတဲ့ ဆီဆိုင်ကြီးတွေမှာတောင် အခုက မရသေးဘူး။ ဆီပြတ်နေတယ်လို့ ပြောတယ်။ တချို့ဆိုင်တွေမှာတော့ ရတာရှိပါတယ်။ တဆိုင်တလေမှာပေါ့။ အခုတောင် လိုက်ပတ်ပြီး ဝယ်ခဲ့ရတာ။ ဝယ်နေကျ ဆီဆိုင်ဆိုရင် တကယ့်လက္ကားဆိုင်။ သူတို့တောင် ဆီပြတ်နေတာ သုံးရက်လောက်ရှိပြီ ” လို့ ကြည့်မြင်တိုင်မြို့နယ် ဒေသခံတဦးက ပြောပါတယ်။
 
စားသုံးဆီစျေးနှုန်းဟာ အချိန်တဆယ်ကို ၁၆,ဝဝဝ ကျပ်အထိ မြင့်တက်ခဲ့ပေမယ့် လက်ရှိဆီစျေးနှုန်း ဆက်လက်မြင့်တက်မယ့် အခြေအနေတွေ ရှိနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဝင်းအတွင်း လက္ကားရောင်းချတဲ့ အရောင်းဒိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
 
” အခု ကျွန်တော်တို့ ၈၄,ဝဝဝ နဲ့ ထုတ်တယ်ဆိုပေမယ့် ဒီနေ့ပေါက်စျေးက မထွက်သေးဘူး။ အခြေအနေက ဆက်တက်ဖို့ရှိနေတဲ့ အနေအထားမှာ ရှိတယ်။ အခု ကျွန်တော်တို့ ထုတ်ရောင်းပေမယ့်လည်း တကယ့်ပေါက်စျေးထွက်လာရင်၊ ဒါမှမဟုတ် ကျွန်တော်တို့ ပြန်ဝယ်တဲ့ အချိန်မှာ ဒီထက်စျေးနှုန်းမြင့်တက်လာမယ်ဆိုရင် ကျွန်တော်တို့လည်း အရှုံးပေါ်မယ့် အခြေအနေမှာ ရှိနေတယ် ” လို့ ဘုရင့်နောင်ကုန်စည်ဝင်းအတွင်း လက္ကားရောင်းချတဲ့ အရောင်းဒိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
 
ဒါ့အပြင် စားသုံးဆီစျေးနှုန်းဟာ လက်လီစျေးကွက်မှာဆိုရင် ၈၇,ဝဝဝ ကျပ်အထိ ရှိနေတာကြောင့် အခြေခံလက်လုပ်လက်စား ဒေသခံတွေအနေနဲ့ အခုလိုသာ စီးပွားရေးကြပ်တည်းမှု၊ ကုန်းစျေးနှုန်းကြီးမြင့်မှုတွေ ဆက်လက်ဖြစ်ပေါ်လာမယ်ဆိုရင် စားဝတ်နေရေးဟာ ပိုမိုခက်ခဲလာမယ့် အခြေအနေမှာရှိနေတယ်လို့ ပျံကျစျေးသည်တဦးက ပြောပါတယ်။
 
လက်ရှိရန်ကုန်မှာ စားသုံးဆီစျေးနှုန်းမြင့်တက် နေသလို ဆန်၊ ဆား၊ ကြက်သွန်၊ အာလူး၊ အချိုမှုန့်၊ သကြား စတဲ့အခြေခံစားသောက်ကုန်တွေဟာလည်း ဇွန်လ အစပိုင်းကနေစပြီး မြင့်တက်လာနေခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
 
” တရက်ရောင်းလို့ ရတဲ့ အမြတ်က တသောင်းခွဲ၊ နှစ်သောင်းလောက် ရှိတယ်။ ဒါက စျေးရောင်းကောင်းတဲ့ နေ့။ ပါးတဲ့နေ့ဆိုရင် အိပ်စိုက်။ အဲ့ဒီရလာတဲ့ အမြတ်ကလည်း တနေ့စျေးဖိုးအတွက် ပြန်သုံးရတာက တသောင်းလောက်ရှိတယ်။ ကျန်တာ မပါသေးဘူးဆိုတော့ ဒီလိုခေတ်ဆိုး၊ ခေတ်ကျပ်နဲ့ ကုန်းစျေးနှုန်းကြီးတာနဲ့ဆိုတော့ လူတွေကလည်း သိပ်မသုံးနိုင်ကြတော့ ကြာလာရင် ငတ်ဖို့ပဲ ရှိတော့တယ် ” လို့ ပျံကျစျေးသည်တဦးက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media