မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းက နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်

ဇွန်၊ ၂၈
 
ချင်းပြည်နယ်၊ မင်းတပ်မြို့ အနောက်ဘက်ကို ဒီနေ့ ဇွန်လ ၂၈ ရက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုယောမာန်က ပြောပါတယ်။
 
“ ဒီနေ့ နေ့လယ်က ၁၀ နာရီ ၅၅ ဝန်းကျင်မှာ မင်းတပ်မြို့နယ် တနေရာကို လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲသွားတယ်။ မင်းတပ်မြို့ပေါ်မှာ တဖြည်းဖြည်း တိုက်ပွဲတွေ များလာတော့ လူငယ်တွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်တဲ့နေရာတွေကို ရမ်းသမ်းပစ်တဲ့ သဘောပါ။ သူတို့က အထိနာတဲ့အခါ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာက လုပ်လေ့ရှိတဲ့သဘောပါပဲ ” လို့ သူက ပြောပါတယ်။
 
ဒီနေ့ ဇွန်လ ၂၈ ရက် နံနက် ၁၁ နာရီခန့်မှာ မင်းတပ်မြို့အနောက်ဘက်က တောထဲမှာ မင်းတပ်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိနေနိုင်တဲ့ ယူဆချက်နဲ့ လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပျက်စီးမှုတွေ မရှိဘူးလို့ သိရပါတယ်။
 
ယမန်နေ့ကလည်း မင်းတပ်မြို့၊ ခမရ – ၂၇၄ တပ်ရင်းကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပေမယ့် နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုကို မသိရသေးဘူးလို့ သိရပါတယ်။
 
ဒါ့အပြင် တိုက်ပွဲပြီးနောက် အဲဒီတပ်ရင်းကနေ မင်းတပ်မြို့ပေါ်က ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် အသက် ငါးဆယ်အရွယ် အမျိုးသားတဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
ဇွန်လ ၂၆ ရက်က မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်ရှိ ကျောက်ထုနယ်၊ ရွှေအောင်သာကျေးရွာ၊ နှော်စေတီကုန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း သေဆုံးကာ ချင်းကာကွယ်ရေးတပ်က ရဲဘော်တဦး ဒဏ်ရာ ရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။
 
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးနဲ့ မနက်ပိုင်း ၁၀ နာရီခန့်မှာ မိနစ်နှစ်ဆယ်ခန့်အတွင်း ခုနှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပေမယ့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) မှ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
 
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ဘက်မှ ကားကိုးစီးနဲ့ အင်အား နှစ်ရာ ခန့် ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇွန်လ ၂ဝ ရက်ကတည်းက ကျောက်ထုဒေသကို စတင်ဝင်ရောက်လာတဲ့အတွက် ဇွန်လ ၂၆ ရက်မှာ ကျောက်ထုမြို့နယ်၊ နှော်စေတီးကုန်းအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်တာ ဖြစ်ပါတယ်။
 
ဒီကနေ့မှာ ကျောက်ထုဒေသ၊ လယ်ဆောရွာတောင်ဖက် ကားလမ်းမပေါ်မှာ ညအိပ်ရပ်နားခဲ့တဲ့ စစ်ကောင်စီရဲ့ ကား ကိုးစီးပါ စစ်ကြောင်းဟာ ထီးလင်းမြို့နယ်ဘက်ကို ဦးတည်လို့ ပြန်လည်ထွက်ခွာနေပြီး ထီးလင်း – ရွှေအောင်သာ- ကျောက်ထု ကားလမ်းဘေးက ပြည်သူတွေအနေနဲ့ ကြိုတင်သတိထားကြဖို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ