မုံရွာမြို့ပေါ်မှာ PDF တပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီး ကျဆုံး

ဇွန်၊ ၂၈
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ခိုးမှုတွေ ကျုးလွန်ထားသူတဦးကို သွားရောက်ဖမ်းဆီးခဲ့ပြီး အပြန်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ PDF တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးသွားတယ်လို့ Monywa UG တပ်ပေါင်းစု ခေါင်းဆောင် ဗိုလ်တိုက်ဂါးက DNA ကို ပြောပါတယ်။
 
ခိုးမှုတွေ ကျူးလွန်ထားတဲ့ မုံရွာမြို့ခံတဦးကို ဒီကနေ့မနက်ပိုင်းက သွားရောက်ဖမ်းဆီးလာပြီးနောက် ဆိုင်ကယ်နဲ့ ပြန်လာချိန် မုံရွာမြို့၊ ကန်သာဦးရပ်ကွက် အနောက်ဘက်၊ မြို့သစ်ပိုင်း၊ ပြည်ထောင်စုလမ်းပေါ်မှာ စစ်ကောင်စီ တပ်သားတွေက ပစ်ခတ်ခဲ့တာလို့ သူကပြောပါတယ်။
 
“ အဲ့ဒီကလေးတွေ ဆုတ်လမ်းကို ပြန်ပြီး ဖောက်ထွက်တဲ့အချိန်မှာ အဲ့ဒီခွေးတွေက ပဇ္ဇောဓာရုံ ကျောင်းရှေ့မှာ ရှိနေတာနဲ့ သွားပြီးတွေ့တာ၊ တွေ့လိုက်တော့ သုံးယောက်ပူးဆိုတဲ့ အခါကျတော့ တောက်လျှောက်ကိုပစ်တာ “ လို့ ဗိုလ်တိုက်ဂါးက ပြောပါတယ်။
 
ခိုးမှုတွေ ကျုးလွန်ထားသူကို ဖမ်းဆီးခေါ်ဆောင်လာပြီးနောက် အဲ့ဒီဖမ်းဆီးခံရသူနဲ့ PDF တပ်ဖွဲ့နှစ်ဦး စုစုပေါင်း သုံးဦး ဆိုင်ကယ်မောင်းနှင်လာချိန်မှာ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
“ ပစ်တဲ့အချိန် တယောက်က ဆိုင်ကယ်နား လဲကျနေခဲ့တယ်၊ ကျန်နှစ်ယောက်က တဘက်စီခွဲပြေးတယ်၊ အဲဒီပြေးတဲ့ နှစ်ယောက်ကို ထပ်ပစ်တယ်၊ တယောက်ထပ်ထိပြီး လဲသွားတယ်၊ လဲတဲ့တယောက်ကို စခဗိုလ်လို့ ယူဆရတဲ့ သူက မျက်နှာကို ခြေထောက်နဲ့ ပိတ်ကန်တယ်၊ လက်အုပ်ချီပြီး တောင်းပန်တာကိုမရ ပစ္စတိုနဲ့ ခေါင်းကို တေ့ပစ်သွားတာ ” လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဆိုင်ကယ်တစီးတည်း စီးလာသူ သုံးဦးထဲက သေဆုံးသူ နှစ်ဦးဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ကာ စစ်ကောင်စီ တပ်သားတွေက အရှင်ဖမ်းဆီးသွားသူကတော့ ခိုးမှုကျူးလွန်ထားသူ ဖြစ်နေတယ်လို့ Monywa UG တပ်ပေါင်းစု ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ပြောပါတယ်။
သေဆုံးသွားသူနှစ်ဦးဟာ မုံရွာမြို့နယ်အတွင်း အခြေစိုက်တဲ့ ဗန္ဓုလအဖွဲ့က တပ်ဖွဲ့ဝင်နှစ်ဦး ဖြစ်တယ်လို့ သူက အတည်ပြုပါတယ်။
 
စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီရဲ့ သတင်းတွေ ဖော်ပြနေတဲ့ Fifty Two တယ်လီဂရမ်ချန်နယ်မှာတော့ အဲ့ဒီပစ်ခတ်မှုမှာ PDF နှစ်ဦး သေဆုံးခဲ့ပြီး တဦးကို အရှင်ဖမ်းမိတယ်လို့ ဖော်ပြထားပါတယ်။
 
ဖမ်းမိသူတွေဆီက ပစ္စတို သေနတ်နှစ်လက်၊ လက်ပစ်ဗုံး တလုံးနဲ့ ကျည်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
 
ဓာတ်ပုံ – Google