အမ်ပိုလီ ဂိုးသမား ဗစ်ကာရီယိုကို တော့တင်ဟမ် စာချုပ်ခေါ်ယူ

ဇွန်၊ ၂၈

စျေးကွက်ထဲမှာ ဂိုးသမားသစ် တဦးကို လိုက်ရှာနေတဲ့ တော့တင်ဟမ် ဟော့စပါး အသင်းဟာ အီတလီ စီးရီးအေကလပ် အမ်ပိုလီရဲ့ ဂူဂလီရယ်လ်မို ဗစ်ကာရီယိုကို စာချုပ် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

မန်နေဂျာသစ် အန်ဂီ ပိုစတီကိုဂလူက တော့တင်ဟမ်ကို စတင် တာဝန်ယူပြီးနောက်ပိုင်း ဗစ်ကာရီယိုဟာ အသင်းအတွက် ဒုတိယမြောက် စာချုပ်ခေါ်ယူတဲ့ ကစားသမား ဖြစ်လာပါတယ်။ အဲဒီမတိုင်ခင်ကတော့ ပြီးခဲ့တဲ့ ရာသီ လန်ဒန်ကလပ်မှာ အငှားလာကစားနေတဲ့ ဂျူဗင်းတပ်စ် တောင်ပံလူ ဆွီဒင် လက်ရွေးစင် ဒီဂျန် ကူလူဆက်ဗ်စကီးကို အပြီးသတ် စာချုပ် ခေါ်ယူထားတာပါ။

အသက် ၂၆ နှစ်အရွယ် ဗစ်ကာရီယိုဟာ အမ်ပိုလီမှာ ၂ ရာသီကြာ ကစားခဲ့ချိန် အတောအတွင်း လက်စွမ်းပြနိုင်တာကြောင့် အီတလီ လက်ရွေးစင် အသင်းအတွက်ပါ ပထမဆုံးအကြိမ် ခေါ်ယူခြင်း ခံခဲ့ရပါတယ်။

တော့တင်ဟမ်ဟာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့ပြီး စွမ်းဆောင်ရည် မတည်ငြိမ်တော့တဲ့ လက်ရှိ ပွဲထွက်ဂိုးသမား ဟူဂိုလောရစ် နေရာကို ရေရှည် အစားထိုးဖို့ လူသစ်တဦး လိုက်ရှာနေတာ ဖြစ်ပါတယ်။

တော့တင်ဟမ် မန်နေဂျာ ပိုစတီကိုဂလူက ဗစ်ကာရီယိုဟာ အသင်းခံစစ်ကို ဦးဆောင်မှု ပေးနိုင်သလို နောက်ဆုံး ခံစစ်ဇုန်ကနေ အသင်းရဲ့ ကစားကွက်ကို ပါဝင် အစပျိုးနိုင်သူ ဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

အရပ် ၆ ပေ ၄ လက်မရှိတဲ့ ဂိုးသမားအတွက် တော့တင်ဟမ်က ပြောင်းရွှေ့ကြေး ဘယ်လောက်ထိ ပေးချေခဲ့ရသလဲ ဆိုတာကိုတော့ မကြေညာခဲ့ပါဘူး။ သူဟာ လန်ဒန် အခြေစိုက် ဘောလုံးကလပ်မှာ ၅ နှစ်သက်တမ်း စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါတယ်။

 

Ref: BBC