ချဲလ်ဆီး ကွင်းလယ်လူ ကိုဗာဆစ် မန်ချက်စတာ စီးတီးအသင်းဆီ ပြောင်းရွှေ့

ဇွန်၊ ၂၈

အင်္ဂလန်နဲ့ ဥရောပ ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းဟာ ချဲလ်ဆီး ကွင်းလယ်လူ မက်တီယို ကိုဗာဆစ်ကို အပြီးသတ် စာချုပ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ခရိုအေးရှား လက်ရွေးစင်ဟာ အစ်တီဟတ် ကွင်းကြီးကို ၄ နှစ်သက်တမ်း စာချုပ်နဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး အသင်းဖက်က ဆန္ဒရှိရင် အလိုအလျောက် စာချုပ်သက်တမ်း ၁ နှစ် ထပ်တိုးဖို့လည်း သဘောတူထားပါတယ်။

စီးတီးဟာ နိုင်ငံတကာ အတွေ့အကြုံတွေ ပြည့်ဝနေတဲ့ ဝါရင့် ကစားသမားအတွက် ကနဦး ပြောင်းရွှေ့ကြေး စတာလင်ပေင် ၂၅ သန်း ပေးချေဖို့ သဘောတူထားပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်အလိုက် နောက်ထပ် အပိုဆောင်း စတာလင်ပေါင် ၅ သန်းထိ ထပ်တိုးပေးမှာ ဖြစ်ပါတယ်။

အခုဘောလုံးရာသီမှာ အဓိက ဆုဖလား ၃ လုံးကို သိမ်းကျုံးဆွတ်ခူးခဲ့ပြီးတဲ့နောက် ကိုဗာဆစ်ဟာ စီးတီးရဲ့ ပထမဆုံး လူသစ်ဖြည့်တင်းမှု ဖြစ်လာပါတယ်။ သူဟာ ဘာစီလိုနာဆီ ပြောင်းရွှေ့သွားတဲ့ အသင်းခေါင်းဆောင် အိုင်ကေ ဂွမ်ဒိုဝမ်ရဲ့ နေရာမှာ တိုက်ရိုက် အစားထိုး ဝင်ရောက်မှာပါ။ ကိုဗာဆစ်ဟာ ဂွမ်ဒိုဝမ်ရဲ့ ကျောနံပါတ် ၈ ဂျာစီကိုလည်း ဆက်ခံခဲ့ပါတယ်။

သူ့အတွက် ထူးကဲတဲ့ အပြောင်းအရွှေ့လို့ ခံစားမိကြောင်း၊ စီးတီးအတွက် ပွဲထွက်ကစားပေးဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေမိကြောင်း ကိုဗာဆစ်က ဆိုပါတယ်။ မန်နေဂျာ ပက်ပ် ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ စီးတီးဟာ ဘယ်လောက် ထက်မြက်သလဲဆိုတာ အားလုံး အသိပဲဖြစ်ကြောင်း၊ သူတို့ ရယူပြခဲ့တဲ့ ဆုဖလားတွေကို ကြည့်ရင် ကမ္ဘာ့အကောင်းဆုံး အသင်းဆိုတာ ပေါ်လွင်နေကြောင်း၊ ဒီလို အသင်းမျိုးဆီ ကူးပြောင်းဖို့ ဆိုတာက ဘယ်လို ကစားသမားအတွက်မဆို အိပ်မက် ဆန်လွန်းနေကြောင်းလည်း ကိုဗစ်ဆစ်က ပြောကြားသွားပါတယ်။

ကိုဗာဆစ်ဟာ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လတုန်းက ရီးရဲလ်မက်ဒရစ်ကနေ ချဲလ်ဆီးကို ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမားတဦး ဖြစ်လာခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးမှာ စုစုပေါင်း ၂၂၁ ပွဲ ကစားပြီး ၆ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

 

Ref: BBC