ဇွန် ၊ ၂၇
အာဏာသိမ်းစစ်ကောင်စီနဲ့ပူးပေါင်းပြီး အလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်တာဟာ ရာဇဝတ်မှု မြောက်တဲ့ လုပ်ဆောင်မှုတွေဖြစ်တာကြောင့် အဲ့ဒီကျူးလွန်နေတဲ့ လုပ်ငန်းရှင်တွေကို ထိရောက်တဲ့ ဟန့်တား အရေးယူမှုတွေ လုပ်မှာဖြစ်တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။
စစ်ကောင်စီနဲ့ စစ်အုပ်စု ဩဇာခံ အလုပ်ရှင်တွေဟာ အာဏာသိမ်းပြီးချိန်ကစလို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် တွေနဲ့အဖွဲ့ဝင်တွေကို အလုပ်က ထုတ်ပယ်တာ၊ဖမ်းဆီးခြိမ်းခြောက်တာ၊လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်၊ စုပေါင်း အရေးဆိုခွင့်နဲ့ စည်းရုံးခွင့်တွေကို ပိတ်ပင်တားမြစ်မှုတွေလုပ်နေတယ်လို့ NUG အလုပ်သမား ဝန်ကြီးဌာနရဲ့ ဒီက နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုလအတွင်း ရန်ကုန်မြို့က ထိုင်းနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားတို့ပိုင်ဆိုင်တဲ့ အထည်ချုပ်စက်ရုံနှစ်ခုဟာ လုပ်ခ လစာတိုးဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေရဖို့ တောင်းဆိုခဲ့ကြတာနဲ့ပတ်သက်ပြီး စုစုပေါင်း အလုပ်သမား ကိုးဦး ကို အလုပ်ကထုတ်တာ၊စစ်ကောင်စီနဲ့ပူးပေါင်းပြီးဖမ်းဆီးစေတာမျိုးတွေရှိခဲ့ပါတယ်။
ဒါ့အပြင် နောက်ထပ် တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတခုကလည်း အလုပ်သမားတွေဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်းတာ၊ခွင့်ရက်တွေအပြည့်အဝမပေးတာ၊ဖိအားပေးစေခိုင်းတာ၊အလုပ်သမားတွေအပေါ် ကိုယ်ထိလက် ရောက်ကျူးလွန်တာမျိုးတွေပြုမူနေတယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက ဆိုပါတယ်။
အလုပ်သမားအခွင့်အရေးချိုးဖောက်မှု၊အလုပ်သမား သမဂ္ဂတွေလွတ်လပ်စွာဖွဲ့စည်းနိုင်ခွင့်တွေနဲ့ပတ်သက်လို့ NUG အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း သတိပေးချက် နှစ်ကြိမ်ထုတ်ပြန်ထားပြီးဖြစ်သလို အဲ့ဒီထုတ်ပြန်ချက်ကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ လိုက်နာဖို့လိုတယ်လို့လည်းဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရ ကုန်သွယ်ရေး ယူနီယံဖက်ဒရေးရှင်းရဲ့ အစီရင်ခံစာတရပ်အရ ကမ္ဘာ့ အလုပ်သမား အခွင့်အရေး အာမခံချက်မရှိဆုံး ဆယ်နိုင်ငံထဲမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အတူ မြန်မာနိုင်ငံလည်းပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်း အခြေခံအလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေလုပ်နေတဲ့ အလုပ်ရှင်တွေ၊ ထုတ်ကုန်အပ်နှံတဲ့ ကုန်အမှတ်တံဆိပ်တွေ၊နဲ့ ဝယ်ယူသူတွေကို နိုင်ငံတကာ ပြဌာန်းချက်တွေနဲ့အညီ ထိထိရောက် ရောက်အရေးယူနိုင်ဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့NUG အလုပ်သမားဝန်ကြီးဌာနက ဆိုပါ တယ်။
အာဏာမသိမ်းမီကတည်းက ပြည်တွင်းက စက်ရုံလုပ်သားအသိုင်းအဝိုင်းမှာ အလုပ်သမား အခွင့်အရေးနဲ့ ပတ် သက်လို့ အလုပ်ရှင်အလုပ်သမားကြား အငြင်းပွားမှုတွေ၊ပဋိပက္ခတွေမကြာမကြာရှိနေခဲ့တာပါ။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အလုပ်ရှင်တွေက စစ်ကောင်စီတပ်၊စစ်ကောင်စီလက်အောက်ခံ အာဏာပိုင် တွေနဲ့ ပူးပေါင်းပြီး အလုပ်သမားတွေအပေါ် ဖိအားပေး ခြိမ်းခြောက်မှုတွေ၊ တရားမဲ့ အလုပ်ထုတ်မှုတွေ တိုးလုပ် လာကြတယ်လို့ အလုပ်သမားအရေးအဖွဲ့အစည်းတွေကပြောထားတာပါ။
လတ်တလောမှာလည်း ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် ဟိုစိမ့် အထည်ချုပ်စက်ရုံ ဟာ တရက်လုပ်ခလစာ တိုးပေးရေးစက်ရုံလုပ်သားတွေကတောင်းဆိုခဲ့ကြပြီးနောက် ဒီ တောင်းဆိုမှုကိုဦးဆောင်ခဲ့တယ်လို့ဆိုကာ စက်ရုံ အလုပ်သမား သမဂ္ဂခေါင်းဆောင်ခုနစ်ဦးကို အလုပ်က ထုတ် ပယ်ခဲ့ပါတယ်။
အဲ့ဒီလိုအလုပ်ကထုတ်ပယ်တဲ့အပေါ် မကျေနပ်လို့ လုပ်ငန်းခွင့်မဝင်ဘဲ စက်ရုံတွင်းမှာ သပိတ်မှောက်ခဲ့တဲ့ အလုပ် သမားတွေကိုလည်း စစ်တပ်ကို ခေါ်ကာ ခြိမ်းခြောက်ဖိအားပေးပြီး လုပ်ငန်းခွင့်ပြန်ဝင်စေခဲ့သလို အလုပ်ထုတ်ခံခဲ့ရ တဲ့အလုပ်သမားခုနစ်ဦးထဲကတချို့ကိုလည်း စစ်ကောင်စီက လက်ရှိအချိန်အထိ ဖမ်းဆီးထားပါတယ်။
အခုလို အလုပ်သမားအခွင့်အရေးအတွက်တောင်းဆိုသူတွေ၊သမဂ္ဂဝင်လုပ်သားတွေကိုဖမ်းဆီး၊ဖိနှိပ်မှုလုပ်တာဟာ ILOပြဌာန်းချက်တွေထဲက တခုဖြစ်တဲ့ လွတ်လပ်စွာအသင်းပင်းဖွဲ့စည်းခွင့်ကိုချိုးဖောက်နေကြောင်း သက်သေပြု ရာရောက်နေတယ်လို့အလုပ်သမားအရေးလူပ်ရှားသူတွေကပြောထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာလွတ်လပ်စွာအသင်းပင်းဖွဲ့စည်းခွင့်ချိုးဖောက်နေပြီးအဓမ္မစေခိုင်းမှုတွေရှိနေတယ်ဆိုတဲ့အပေါ် ILO ကလည်း အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပြီး အချက်အလက်ပြုစုနေပါတယ်။