Wagner တပ်ဖွဲ့ဝင်တွေဟာ ပုန်ကန်သူ ခေါင်းဆောင်တွေ အသုံးချတာ ခံခဲ့ရတာလို့ ပူတင်ပြော

ဇွန်၊ ၂၇

ပုန်ကန်မှုမှာ ပါဝင်ခဲ့ပေမယ့် Wagner ကြေးစား စစ်သား အများစုဟာ ရုရှားရဲ့ မျိုးချစ် ပုဂ္ဂိုလ်တွေဖြစ်ပြီး ပုန်ကန်မှုကို ဦးစီးခဲ့သူတွေကသာ သစ္စာဖောက်တွေလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ Wagnerရဲ့ အကြီးအကဲ ယက်ဗ်ဂျီနီ ပရီဂေါ့ဇင် ဦးဆောင်တဲ့ တရက်တာ ပုန်ကန်မှုဟာ နှစ်ပေါင်း များစွာအတွင်း ပူတင်ရဲ့ အာဏာစက်ကို အကြီးကျယ်ဆုံး လှုပ်ခတ်စေတဲ့ စိန်ခေါ်မှုတခု ဖြစ်လာပါတယ်။ ဒါပေမဲ့ ပုန်ကန်မှုဟာ သက်တမ်းတိုတိုနဲ့ အဆုံးသတ်သွားပြီး Wagner တပ်ဖွဲ့ဝင်တွေကို စစ်တန်းလျား ပြန်ကြဖို့ ပရီဂေါ့ဇင်က အမိန့်ပေးခဲ့ပါတယ်။

သူကိုယ်တိုင်ကတော့ ရုရှား အာဏာပိုင်တွေနဲ့ ညှိနှိုင်းခဲ့ပြီး လောလောဆယ် ဘီလားရုစ် နိုင်ငံမှာ သွားရောက် ခိုလှုံနေတယ်လို့ ယုံကြည်ရပါတယ်။

ပုန်ကန်မှုနောက်ပိုင်း ပထမဆုံးအကြိမ် ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ပူတင်က ပုန်ကန်မှုကို ဦးဆောင်သူတွေဟာ ရုရှားအပေါ်မှာရော၊ သူတို့ ကြီးမှူး တာဝန်ယူရတဲ့ တပ်ဖွဲ့ဝင်တွေ အပေါ်မှာပါ သစ္စာဖောက်ခဲ့တာဖြစ်ကြောင်း ရှုတ်ချသွားခဲ့ပါတယ်။ ပူတင်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ပရီဂေါ့ဇင်ရဲ့ နာမည်ကို တိုက်ရိုက် မရည်ညွှန်းခဲ့ဘဲ ပုန်ကန်မှုကို ဦးဆောင်သူတွေလို့သာ ခြုံငုံ သုံးနှုန်းသွားခဲ့ပါတယ်။

Wagner တပ်ဖွဲ့ဝင် အများစုကတော့ အထက်အရာရှိတွေ ညွှန်ကြားတာကို လိုက်လုပ်ခဲ့ရပြီး ဒီကိစ္စကို အပြစ်မတင်သင့်ကြောင်း၊ Wagner အဖွဲ့သား အများစုဟာ မျိုးချစ်စစ်သည်တွေအဖြစ် မှတ်ယူ ခံထားရဆဲဖြစ်ပြီး ဘီလားရုစ်မှာဖြစ်စေ၊ ရုရှားမှာဖြစ်စေ သူတို့ဆန္ဒအလျောက် ဆက်ပြီး စစ်မှုထမ်းချင်ရင်လည်း ကူညီပေးသွားမှာဖြစ်ကြောင်း ပူတင်က ဆိုပါတယ်။

Wagner စစ်သားတွေဟာ သဘောထား မမှန်ကန်တဲ့ အထက်အရာရှိတွေရဲ့ အသုံးချမှုကိုသာ ဘုမသိ ဘမသိ ခံခဲ့ရတာလို့ ပူတင်က ပြောကြားသွားပါတယ်။

Wagner ကြေးစားတပ်တွေဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်က ကူညီတိုက်ခိုက်ပေးခဲ့ပေမယ့် ပရီဂေါ့ဇင်နဲ့ ရုရှား စစ်ဦးစီးတွေကြား သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်လာရာက အခုလို ပုန်ကန်တဲ့ အခြေအနေထိ ဦးတည်သွားခဲ့တာပါ။ ပရီဂေါ့ဇင်ကတော့ သူ့တပ်တွေဟာ နယ်စပ်ကနေ မော်စကို မြို့တော်ထိ ချီတက်တယ် ဆိုတာက ရုရှား စစ်ဘက် အရာရှိကြီးတွေရဲ့ အားနည်း ညံ့ဖျင်းမှုတွေကို မကျေနပ်ကြောင်း ဆန္ဒပြတဲ့ အဓိပ္ပါယ်မျိုးသာဖြစ်ပြီး ရုရှား အစိုးရဆီက အာဏာသိမ်းဖို့ လုံးဝ မရည်ရွယ်ကြောင်း အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

ဥပဒေနဲ့အညီ ရွေးကောက်တင်မြှောက် ခံထားရတဲ့ လက်ရှိ အစိုးရကို ဖြုတ်ချဖို့ ဆိုတာက သူတို့ရဲ့ ရည်မှန်းချက် ဘယ်တော့မှ မဟုတ်ခဲ့ကြောင်း၊ ဒီကိစ္စကိုလည်း အကြိမ်ကြိမ် ပြောခဲ့ပြီးဖြစ်ကြောင်း ပရီဂေါ့ဇင်က ဆိုပါတယ်။ သူ့တပ်တွေ မော်စကိုဆီ ဦးတည် ချီတက်ခဲ့တယ် ဆိုတာက စစ်ဗိုလ်ချုပ်တွေရဲ့ ပရော်ဖက်ရှင်နယ် မပီသတဲ့ အပြုအမူတွေ၊ ကြီးမားတဲ့ အမှားကျူးလွန်မှုတွေကို ဖယ်ရှားဖို့သာ ရည်ရွယ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက Wagner ကြေးစားတပ်ကို ဖျက်သိမ်းစေမှာ မဟုတ်ဘူးလို့ ပြောပေမယ့် အသေးစိတ် ညှိနှိုင်းမှု ရလဒ်တွေကိုတော့ မထုတ်ပြန်ပါဘူး။ လောလောဆယ်မှာတော့ Wagner တပ်ဖွဲ့ဝင်တွေကို ရုရှားရဲ့ အာဖရိက ဒေသတွင်း စစ်ဆင်ရေးတွေမှာ ဆက်လက် ပါဝင်ခွင့် ပြုထားမယ်လို့တော့ ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

 

Ref: Financial Times