ဇွန် ၂၆
စစ်ကိုင်းတိုင်းထဲမှာ အခြေချနေတဲ့ မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တပ်ဖွဲ့ဝင်တဦးဟာဒီကနေ့ မ နက်ပိုင်းက စစ်ကောင်စီ နဲ့တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ကျဆုံးသွားတယ်လို့ အဲ့ဒီအဖွဲ့တာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။
“စစ်ကိုင်းတိုင်းထဲက ကျွန်တော်တို့အခြေချတဲ့ စခန်းဘက်ကို စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာတဲ့အတွက် ကျွန်တော်တို့ဘက်က စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ ၊ စကစ ဘက်ကပြန်ဆုတ်သွားပြီးမှ ရမ်းပစ်လိုက်တဲ့ ၆၀ မမ ထိပြီး ကျွန်တော်တို့ဘက်က ရဲဘော်ကျဆုံး သွားတာဖြစ်ပါတယ်”လို့သူကပြောပါတယ်။
ကျဆုံးသွားသူဟာ မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသက်(၂၄)နှစ်အရွယ် ရဲဘော် သင်္ဂါဆိုသူဖြစ်ပြီး သူဟာ အာဏာသိမ်းမှုစတင်ကတည်းက ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သလိုမလှိုင်မြို့နယ် ပြည်သူ ကာ ကွယ် ရေးအဖွဲ့ဖွဲ့စည်းစဥ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ အဲ့ဒီတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
အဲ့ဒီတပ်ဖွဲ့ စခန်းရှိရာ စစ်ကိုင်းတိုင်းအတွင်းကတနေရာကို စစ်ကောင်စီက အင်အား တရာ ဝန်းကျင်နဲ့ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး နှစ်ဘက် တိုက်ပွဲတွေဖြစ်ခဲ့ ကြတာပါ။
စစ်ကောင်စီက လက်ရှိမှာ တပ်ဆုတ်သွားပြီဖြစ်ပေမယ့် စခန်းအနီးနား ပတ်ဝန်းကျင်မှာပဲရှိနိုင်တာကြောင့် တိုက်ပွဲ ဖြစ်ပွားရာနေရာအတိအကျကိုတော့လုံခြုံရေးအရ အဲ့ဒီတပ်ဖွဲ့တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုဖို့ငြင်းဆန်ပါတယ်။