ကောလင်းမြို့ပေါ်က စစ်ကောင်စီကင်းတဲမိုင်းဆွဲခံရလို့တဦးသေ၊တဦးဒဏ်ရာရပြီး အရပ်သားတွေလည်းထိခိုက်မှုရှိ

ဇွန်၊ ၂၆

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီလုံခြုံရေးကင်းတဲကို မိုင်းဆွဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ပြန်ပစ်လို့အမျိုးသားလေးဦးအပါအဝင် အရပ်သားငါးဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

 ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ The Secret Warrior Kawlin က ကောလင်းမြို့၊ ကမ္ဘောဇဘဏ်(၂)ရှေ့မှာရှိတဲ့လုံခြုံရေးကင်းတဲကိုပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်၊ မနက်ပိုင်း ၆ နာရီ ဝန်းကျင်က မိုင်းခွဲ တိုက်ခိုက်တယ်လို့ အဲဒီအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီ့မိုင်းခွဲတိုက်ခိုက်မှုကြောင့်လုံခြုံရေးကင်းတဲ့အတွင်းမှာရှိနေတဲ့စစ်ကောင်စီတပ်သားတဦးသေဆုံးခဲ့သလို၊ဖက်တီးဆိုသူရဲတပ်သားတဦးလဲခြေထောက်ပြတ်တောက်သွားခဲ့ပြီး လမ်းသွားလမ်းလာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးလည်းဒဏ်ရာရရှိခဲ့ပါတယ်။

“ကိုယ်ဝန်သည်အမျိုးသမီးက စကစတပ်သားတွေ နဲ့နီးကပ်နေခဲ့လို့ထိခိုက်ခဲ့တာပါ။ သွားလာရာမှ စကစတပ်သားတွေနဲ့ မနီးမဝေးမှာ ရှိနေတဲ့အချိန် ဖောက်ခွဲတာနဲ့ ကြုံပြီးထိခိုက်သွားတာပါ၊ “လို့ The Secret Warrior Kawlin အဖွဲ့ရဲ့တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

မိုင်းကွဲအပြီးမှာ စစ်ကောင်စီတပ်သားတွေရဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ကင်းတဲအနား မှာ စျေးရောင်းဖို့ပြင်ဆင်နေတဲ့ အမျိုးသမီးလေး ဦး နဲ့ အမျိုးသားတဦး စုစုပေါင်း အရပ်သားငါးဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့ The Secret Warrior Kawlin အဖွဲ့ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

‘’ကိုယ်ဝန်ဆောင်သည်ကလွဲရင် ကျန်တာက စကစတပ်သားတွေ ပစ်လို့ ကျည်ထိတာပါ။ ပြည်သူငါးဦး ထပ်မံထိခိုက်ဒဏ်ရာ ရတာကတော့ သေဆုံးနိုင်တဲ့အထိ ဒဏ်ရာရတာမျိုး မဟုတ်ဘူးလို့ သိထားပါတယ်’’ လို့ အဲဒီအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲဒီဖြစ်စဉ်အပြီးမှာ စစ်ကောင်စီတပ်သားတွေဟာလမ်းသွားလမ်းလာလူငယ်ပိုင်းတွေကိုအဓိကထားခေါ်ယူစစ်ဆေးတာတွေပြုလုပ်ခဲ့ပေမယ့် ဒီကနေ့အထိ ဆက်စပ် ဖမ်းဆီးခံရတာမျိုးတော့မရှိသေးဘူးလို့ လည်း The Secret Warrior Kawlin အဖွဲ့  ကစုံစမ်းသိရှိထားတယ်လို့ဆိုပါတယ်။

“အနားမှာစျေးတန်းလေးရှိတဲ့အဲ့ကမနက်စောစောစျေးထခင်းတဲ့ပြည်သူတွေပေါ့၊သူတို့ကစျေးသည်တွေပါ၊ထိတာတော့ဟိုကောင်တွေပစ်လို့ထိတာ၊ဘယ်သူဘယ်ဝါရယ်တော့ခုထိမသိရသေးဘူး၊ဗိုက်ကြီးသည်ကတော့သူတို့ခေါ်သွားတယ်၊ကုပေးလားမကုပေးလားလို့မသိရသေးဘူး ၊မြို့ပေါ်လဲဒီနှစ်ရက်အတွင်းလုံခြုံရေးကြပ်ထားတယ်၊စစ်လဲစစ်နေတယ်၊လူတွေလဲမလိုအပ်ပဲမထွက်ကြတော့ဘူးလူတွေက”လို့ကောလင်းမြို့ခံတဦးကဆက်ပြောပါတယ်။ 

အခုလိုစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်မှု့အတွင်းထိခိုက်ဒါဏ်ရာရခဲ့တဲ့အရပ်သားတွေဟာစစ်ကောင်စီတပ်တွေစစ်ဆေးမေးမြန်းဖမ်းဆီးမှာကြောက်တာကြောင့်ကောလင်းဆေးရုံကြီးကိုမသွားရဲပဲကိုယ့်နည်းကို့ဟန်နဲ့ကုသနေကြရတယ်လို့လဲသူကထပ်ပြောပါတယ်။ 

The Secret of Warrior Kawlin တပ်ဖွဲ့ကတော့ အခုဖြစ်စဉ်ကို ကောလင်းမြို့တွင်းမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ချိန်မှာလုပ်ဆောင်ခဲ့တာဖြစ်ပြီး ထိခိုက်သူ ပြည်သူတွေအတွက် အလွန်ပင်စိတ်ထိခိုက်နေရကြောင်းနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဝေးရာမှာနေဖို့ကိုလည်း အနူးအညွတ်ပန်ကြားလိုတယ်လို့လည်း ထုတ်ပြန် ထားပါတယ်။

စစ်အာဏာသိမ်းကာလနှစ်နှစ်ကျော်အတွင်းအရပ်သားသေဆုံးမှု ၈၆၄၀ ဦးရှိပြီး တိုက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်းသေဆုံးတာ ၂၄၅၄ ဦးရှိတယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP- Myanmar က ဒီလ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။