သရက်ချောင်းမှာ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးထပ်ရှို့

ဇွန်၊ ၂၆
 
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့ ဇွန်လ ၂၆ ရက်၊ မနက် ၉ နာရီလောက်မှာ နေအိမ်တွေကို မီးထပ်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ရငဲရွာထဲမှာ စခန်းချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလို မီးရှို့ခဲ့တာဖြစ်ပြီး အနည်းဆုံး နေအိမ်နှစ်လုံး မီးရှို့ခံလိုက်ရတယ်လို့ သိရပါတယ်။
 
” ပစ်သံတွေလည်း မကြားရဘူး၊ ဒီအတိုင်း ဘာမှ ဖြစ်တာမဟုတ်ဘဲ မီးထရှို့တာ၊ လောင်တာကတော့ အနည်းဆုံး နှစ်အိမ်၊ အဲထက်လည်း များနိုင်တယ်၊ ရွာထဲမှာလည်း စစ်သားတွေ ကင်းလှည့်နေတယ် ” လို့ ရငဲရွာအနီး နေထိုင်သူတဦးက DNA ကို ပြောပါတယ်။
 
ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာရှိတဲ့ ရငဲရွာရှိ မြွေတောင်ပေါ်က ဘုရားဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၈ ရက်မှာ စခန်းချတပ်စွဲထားခဲ့ပြီး လက်ရှိမှာတော့ ရွာထဲက ကားလမ်းပေါ်မှာလည်း သဲအိတ်တွေနဲ့ စစ်ဆေးရေးဂိတ်ပုံစံ ဆောက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲဒီတောင်ပေါ်မှာ စခန်းချထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၂၅ ရက် မနက်ပိုင်းကတော့ ကမြိုင်ရွာဘက်ကို လက်နက်ကြီး ငါးချက် ပစ်ခတ်ခဲ့ပြီး ဒေသခံတွေ ထိခိုက်တာတော့ မရှိဘူးလို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်လောက်ကစပြီး ရငဲရွာနဲ့ အနီးတဝိုက်ကို ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အခုချိန်ထိ ရငဲရွာထဲက နေအိမ် ခုနှစ်လုံးနဲ့ အနီးအနားရှိ ကနက်သီရိရွာက နေအိမ်ငါးလုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန်လ ၁၁ ရက်ကလည်း နေအိမ်မှာ ဆေးလာယူတဲ့ ရငဲရွာခံ လူငယ်တဦးကို ပစ်သတ်ခဲ့ပါတယ်။
 
ရငဲရွာက ရွာခံတွေအပါအဝင် အနီးအနားရွာတွေဖြစ်တဲ့ ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ၊ ဝဲရစ်၊ မင်းဒပ်၊ သိမ်ကုန်း၊ ကမြိုင် စတဲ့ ကျေးရွာတွေက ဒေသခံ တသောင်းကျော်ကတော့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်လောက်ကတည်းက ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
 
စစ်ကောင်စီတပ်သားတွေဟာ ရငဲရွာထဲက လူမရှိတဲ့ နေအိမ်တွေထဲကို နေ့တိုင်းနီးပါး ဖျက်ဆီးဝင်ရောက်နေပြီး တန်းဖိုးရှိပစ္စည်းတွေကို ရှာဖွေယူဆောင်သွားကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
ဇွန်လ ၈ ရက်နဲ့ ၁၀ ရက်တွေမှာ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး အဲဒီရွာတွေကို ဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်သား ၁၅၀ ကျော်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား လေး ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ နှစ်ဖက်တပ်တွေ တိုက်ပွဲဆက်ဖြစ်နိုင်တာမို့ ဒေသခံတွေ နေရပ်မပြန်သေးဘဲ ဆက်ပြီးရှောင်တိမ်းနေကြဖို့ သတိပေးထားပါတယ်။
 
ဓာတ်ပုံ​ – CJ