Wagner အဖွဲ့ခေါင်းဆောင်ဟာ သေလူ ဖြစ်သွားပြီလို့ နိုင်ငံရေး သုတေသီတဦး သုံးသပ်

ဇွန်၊ ၂၆

Wagner ကြေးစား တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂေါ့ဇင်ဟာ သူဦးဆောင်ခဲ့တဲ့ ပုန်ကန်မှုကြောင့် သေလူဘဝ ရောက်နှင့်နေပြီလို့ ဥရောပ-အာရှ နိုင်ငံရေး သုတေသီ တဦးက မှတ်ချက် ပေးခဲ့ပါတယ်။

ရုရှား ထိပ်တန်း စစ်ဦးစီး အရာရှိတွေနဲ့ မကျေလည်တာတွေကို အကြောင်းပြုပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပရီဂေါ့ဇင် ဦးဆောင်တဲ့ ရုရှား ကြေးစားတပ် Wagnerဟာ မော်စကို မြို့တော်ဆီ ဦးတည် ချီတက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ပုန်ကန်မှုဟာ ၁ ရက်လောက်သာ ကြာညောင်းခဲ့ပြီး နှစ်ဖက် ဆွေးနွေး ညှိနှိုင်းမှုတွေ အပြီးမှာ Wagnerတွေက သူတို့ရဲ့ စစ်စခန်းတွေဆီ ပြန်လည် ဆုတ်ခွာပေးခဲ့ပါတယ်။ သွေးမြေကျ ဖြစ်ရပ်တွေကို ရှောင်လွှဲဖို့အတွက် မော်စကိုထိ ချီတက်မယ့် မူလ အစီအစဉ်ကို လက်လျှော့လိုက်ကြောင်း ပရီဂေါ့ဇင်က ပြောကြားခဲ့ပြီး သူကတော့ ရုရှား အစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ ပါဝင်ပေးခဲ့တဲ့ ဘီလားရုစ် နိုင်ငံဆီ သွားရောက်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ပရီဂေါ့ဇင် ဘယ်မှာရှိနေသလဲ၊ ဘီလားရုစ်ကို ရောက်သွားသလား ဆိုတာတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ Eurasia Groupရဲ့ ဥက္ကဋ္ဌ အီယန် ဘရမ်မာကတော့ ပူတင်ကို ပုန်ကန်လိုက်ခြင်းက ပရီဂေါ့ဇင်ကို သေဒဏ် စီရင်ချက် ချမှတ်ပြီးသား အဓိပ္ပါယ် ဖြစ်သွားတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

နောက်ထပ် လအတော်ကြာလောက် ပရီဂေါ့ဇင် အသက် ရှင်နေဦးမယ် ဆိုရင်တောင် သူ့အနေနဲ့ အံ့ဩမိလိမ့်မယ်လို့လည်း ဘရမ်မာက ဆိုပါတယ်။ ပူတင်ဟာ ပရီဂေါ့ဇင်ရဲ့ လုပ်ရပ်ထက် အများကြီး ဒီဂရီလျော့နည်းတဲ့ သူ့အပေါ် ဆန့်ကျင်မှုမျိုး ကျူးလွန်သူတွေကိုတောင် ရက်ရက်စက်စက် ဖိနှိပ်တာ၊ လက်စဖျောက်တာတွေ လုပ်လေ့ ရှိသူ ဖြစ်တာကြောင့် ပရီဂေါ့ဇင်ကို ဘယ်လိုမှ ချမ်းသာပေးလိမ့်မယ် မထင်ကြောင်းလည်း ဘရမ်မာက ပြောကြားသွားပါတယ်။

ပရီဂေါ့ဇင် ဦးဆောင်တဲ့ ပုန်ကန်မှုဟာ ပူတင်က ရုရှားနိုင်ငံကို ၂၃ နှစ်လောက် ကြီးစိုးထားခဲ့တဲ့ ကာလတလျှောက် သိက္ခာအကျဆုံး၊ အင်အား အယုတ်လျော့ဆုံး ပုံရိပ်မျိုးကို ထင်ဟပ်စေခဲ့တယ်လို့ နိုင်ငံရေး သုတေသီ အားလုံးက တညီတညွတ်တည်း သုံးသပ်ထားပါတယ်။

Wagnerတွေဟာ မော်စကိုနဲ့ ၆ နာရီခရီး အကွာအဝေးလောက်ထိ ချဉ်းကပ်နိုင်ခဲ့ပြီး လူဦးရေ သန်းချီ များပြားတဲ့ ရော့စတော့ဗ်လို မြို့မျိုးကို အလွယ်တကူ ထိန်းချုပ်ပြခဲ့ခြင်းကလည်း ရုရှားအစိုးရကို ထပ်ဆင့် အရှက်ကွဲစေခဲ့ပါတယ်။ သူ့ရဲ့ အားနည်းချက်ကို ကမ္ဘာသိအောင် လှစ်ဟပြလိုက်တဲ့ ပရီဂေါ့ဇင်ကို ပူတင်က ဘယ်လိုနည်းနဲ့မှ အလွတ်ပေးတော့မှာ မဟုတ်ကြောင်းလည်း ဘရမ်မာက ကောက်ချက်ချသွားခဲ့ပါတယ်။

 

Ref: CNBC