ပုန်ကန်မှု ကြုံခဲ့တဲ့ ရုရှား အစိုးရဖက်က အပြည့်အဝ ထောက်ခံကြောင်း တရုတ် ထုတ်ပြန်

ဇွန်၊ ၂၆

နိုင်ငံ တည်ငြိမ်ရေးအတွက် ရုရှားအစိုးရရဲ့ ရွေးချယ် အားထုတ်မှုတိုင်းကို ထောက်ခံ ရပ်တည်သွားမယ်လို့ တရုတ် အစိုးရက သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတ ဗလာဒီမာ ပူတင် ကြီးစိုးခဲ့တဲ့ သက်တမ်းတလျှောက် သူ့ရဲ့ အာဏာစက်ကို အကြီးမားဆုံး ခြိမ်းခြောက်မှု တခုနဲ့ ကြုံတွေ့ခဲ့တဲ့နောက် တရုတ်က ရုရှားဖက်က ပေါ်ပေါ်ထင်ထင် ရပ်တည်ကြောင်း သဘောထား ပြသလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှား ကြေးစားတပ် Wagnerဟာ ပူတင် ခန့်အပ်ထားတဲ့ စစ်ဦးစီးတွေကို ဖြုတ်ချမယ်လို့ ကြွေးကြော်ပြီး မော်စကို မြို့တော်ဆီ ဦးတည် ချီတက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ကိစ္စဟာ နှစ်ဖက် ညှိနှိုင်းမှုတွေအပြီး ခပ်မြန်မြန်ပဲ ပြေလည်မှု ရသွားခဲ့ပါတယ်။

ရုရှားမှာ ပုန်ကန်မှုကြီးတခု ကြုံတွေ့ခဲ့ရပြီး နောက်တရက်မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ရုရှား အစိုးရရဲ့ နိုင်ငံတည်ငြိမ်ရေး အားထုတ်မှုတွေကို အပြည့်အဝ ထောက်ခံသွားမယ်လို့ ပြောကြားခဲ့တာပါ။ နောက်ပြီး Wagner အဖွဲ့နဲ့ ရုရှားစစ်တပ်ကြား ပြဿနာဟာ ရုရှားရဲ့ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ တရုတ်က သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။

Wagnerတွေက မော်စကိုထိ ချီတက်မယ့် သူတို့ရဲ့ မူလ အစီအစဉ်ကို စွန့်လွှတ်ကြောင်း အတည်ပြု ကြေညာပြီး နာရီပိုင်း အကြာမှာပဲ ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အန်ဒရေ ရူဒန်ကိုဟာ ဘေဂျင်းမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်၊ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မာရှောင်ဇူတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ နိုင်ငံတကာနဲ့ ဒေသတွင်းဆိုင်ရာ ဘုံသဘောထား တချို့ကို ဆွေးနွေးခဲ့တယ်လို့လည်း တရုတ်က ထုတ်ပြန်ထားပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ တရားဝင် စစ်ရေးမဟာမိတ် ဖွဲ့စည်းမထားပေမယ့် နောက်ပိုင်းနှစ်တွေအတွင်း အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာလာတာကို အကြောင်းပြုပြီး ပိုမို နီးစပ်တဲ့ ဆက်ဆံရေးမျိုးကို ထူထောင်လာနိုင်ခဲ့ပါတယ်။

တရုတ်ဟာ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲကို ကုလသမဂ္ဂမှာ အတိအလင်း ရှုတ်ချဖို့ ပျက်ကွက်ခဲ့တဲ့ နိုင်ငံ အနည်းငယ်ထဲက တခုလည်း ဖြစ်ပါတယ်။

 

Ref: Bloomberg