ငွေသုံးပြီး အင်အားမဖြည့်ရင် အောင်မြင်မှုတွေ ရနိုင်မှာ မဟုတ်ဘူးလို့ အာဆင်နယ် မန်နေဂျာပြော

ဇွန်၊ ၂၆

အာဆင်နယ် အနေနဲ့ အောင်မြင်မှု ဆုဖလားတွေကို အမှန်တကယ် အလိုရှိတယ်ဆိုရင် အသင်းအင်အားကို ငွေကုန်ကြေးကျခံ ဖြည့်တင်းဖို့ လိုလိမ့်မယ်လို့ မန်နေဂျာ မစ်ကယ် အာတီတာက သတိပေး ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ဆုကို ရရှိဖို့ အခွင့်အလမ်း အကောင်းဆုံး အနေအထားမျိုး ရောက်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ​ ခြေချော်ရာက မန်ချက်စတာ စီးတီးရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရပါတယ်။

ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတဲ့ အခြေအနေမှာ အာဆင်နယ်ရဲ့ ကစားသမား စုဖွဲ့မှု အရမ်းမတောင့်တင်းတာက အဓိက အကျဆုံး အကြောင်းတရားတခု ဖြစ်ခဲ့ကြောင်း လေ့လာသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

စပိန်သား မန်နေဂျာ အာတီတာကလည်း အသင်းဟာ​ အောင်မြင်မှုတွေနဲ့ ယဉ်ပါးတဲ့ အခြေအနေဆီ ပြန်ဦးတည်ဖို့အတွက် အင်အားဖြည့်တင်းမှုတွေ လိုလိမ့်မယ်လို့ ပြောပါတယ်။ လာမယ့်ရာသီဟာ သမိုင်းတလျှောက် ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်လာနိုင်ကြောင်း၊ မနှစ်ကတည်းက ဒီလို အလားအလာတွေ တွေ့မြင်ခဲ့ရပြီး ဖြစ်သလို အသင်းတိုင်းရဲ့ အရည်အသွေးပိုင်းက မြင့်တက်လာကြောင်း၊ အသင်းအသီးသီးမှာ အရမ်းကောင်းမွန်တဲ့ အရင်းအမြစ်တွေနဲ့ ထူးချွန်တဲ့ နည်းပြ အဖွဲ့တွေကို ပိုင်ဆိုင်ထားကြောင်း၊ ဒီလို အဆင့်မျိုးနဲ့ ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲချင်တယ်ဆိုရင် ကိုယ်တိုင်က အကောင်းဆုံး ဖြစ်နေဖို့ လိုပြီး အာဆင်နယ်ဟာ အသင်းအင်အားကို သေချာပေါက် ထပ်ဖြည့်ရမှာဖြစ်ကြောင်း အာတီတာက ထောက်ပြသွားပါတယ်။

အာဆင်နယ်ဟာ လက်ရှိ စျေးကွက်ထဲမှာ ဝက်စ်ဟမ်း ယူနိုက်တက် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်၊ ချဲလ်ဆီး တိုက်စစ်သမား ကိုင်ဟာဗက်ဇ်တို့ကို ခေါ်ယူဖို့ အပူတပြင်း ကြိုးစားနေဆဲ ဖြစ်ပါတယ်။

 

Ref: BBC