ဇွန်၊၂၅
စစ်ကိုင်းမြို့နယ်ထဲက PDF စခန်းနှစ်ခုကို ဒီကနေ့ ဇွန်လ၂၅ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် ၁၂ဦး ကျဆုံးသလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။
စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာ အနီးမှာရှိတဲ့ PDF စခန်းတခုဟာ ဒီကနေ့ မနက်ငါးနာရီဝန်းကျင်မှာ စီးနင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ရဲဘော် ၁၂ ဦးကျဆုံးခဲ့သလို ကိုင်းပြင်ကျေးရွာမှာရှိတဲ့ စခန်းတခုကိုတော့ မနက် ၁၀ နာရီလောက်မှာ စီးနင်းခံခဲ့တာဖြစ်ပြီး လက်လုပ်လက်နက်တွေ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
” စီးနင်းခံရတာက ငါန်းဇွန်နယ်ဘက်က အဖွဲ့ရဲ့ စခန်းပါ။ CDM ရဲ ဦးဆောင်တဲ့ အဖွဲ့၊ မနက်စောစော ၅ နာရီမှာ ကင်းသမားကို အရင်မိသွားပြီး စခန်းကို အလစ်ဝင်ပစ်တဲ့ သဘောပါ။ စုစုပေါင်း ၁၂ ဦး ကျတယ်။ နောက်ထပ်စခန်းတခုကတော့ လက်နက်ထုတ်တဲ့စခန်းပါ ” လို့ မြေပြင်မှာရှိနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ဆိုပါတယ်။
အခုလို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးတာနဲ့ပတ်သက်ပြီး စစ်အုပ်စု တယ်လီဂရမ်တွေမှာလည်း ကျဆုံးရဲဘော်အလောင်းတွေနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ပုံတွေဆိုပြီး ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
ဒါ့အပြင် ဒီလိုကာကွယ်ရေးတပ်စခန်းနှစ်ခုကို စီးနင်းချိန်မှာ အနီးအနားက ကျေးရွာတွေကိုပါ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် အရပ်သား ၂ ဦးလည်း ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး တဦးကတော့ စိုးရိမ်ရတယ်လို့လည်း ဒေသကာကွယ်ရေးတပ်တွေဘက်က ဆိုပါတယ်။
ဒါ့အပြင် ကျေးရွာတချို့ကိုပါ စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် လယ်ပါယ်ရွာက အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့သလို ကင်းတော်၊ သုံးလင့်နဲ့ ဥယျာဉ်ရွာဘေးမှာရှိတဲ့ တဲတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းဟာ ပြည်သူတဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး အနီးဝန်းကျင်က ဒေသခံတွေဟာလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် ၂၀၂၂ ဧပြီလကနေ ၂၀၂၃ နှစ်ဆန်းပိုင်းအထိ ကျေးရွာပေါင်း ၅၀ ဝန်းကျင်က လူနေအိမ်ခြေပေါင်း ၄၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။
ဓာတ်ပုံ- စစ်ကောင်စီဘက်က ထုတ်ပြန်ထားတဲ့ PDF စခန်း စီးနင်းမှုပုံများ။