ဇွန်၊ ၂၅
ဆိုင်ကလုန်း မိုခါမုန်တိုင်း သင့်ခဲ့ရတဲ့ မြန်မာနိုင်ငံကို လူသားချင်စာနာမှု အကူအညီ အမေရိကန်ဒေါ်လာ ဆယ်သန်းခွဲ ထောက်ပံ့ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ဇွန်လ ၂၅ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်က ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်နဲ့ တိုင်းအချို့မှာ တိုက်ခတ်သွားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲအဖြစ် အရေးပေါ် လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအတွက် နောက်ထပ်ပံ့ပိုးပေးအပ်တာလို့ သြစေတြေးလျ နိုင်ငံခြားရေးဝန်ကြီး က ကြေညာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သြစတြေးလျနိုင်ငံအနေနဲ့ မိုခါမုန်တိုင်းဒဏ် ခံရတဲ့ နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို ဒေါ်လာ ဆယ်သန်းခွဲနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒေါ်လာ နှစ်သန်း စုစုပေါင်း ၁၂ သန်းခွဲ ပေးအပ်သွားမှာလို့လည်း ထုတ်ပြန်ထားတာပါ။
အကူအညီတွေကိုတော့ အာဏာသိမ်းစစ်ကောင်စီကို တိုက်ရိုက်အကျိုးရှိတာ မဖြစ်အောင်နဲ့ တရားဝင်ဖြစ်အောင် အသိအမှတ်ပြုတာမျိုး မဖြစ်ရအောင် ကုလသမဂ္ဂအေဂျင်စီတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေကတဆင့် ပေးအပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
သြစတြေးလျနိုင်ငံဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်မှာ စုစုပေါင်းဒေါ်လာ ၁၄၅ သန်း ထောက်ပံ့ကူညီထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၁ ဒဿမ ၆ သန်းထိခိုက်ခဲ့ရပြီး လူနေအိမ်အပါအဝင် အဆောက်အအုံပေါင်း နှစ်သိန်းခွဲနီးပါးပျက်စီးကာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အများအပြား လိုအပ်နေတာလည်း ဖြစ်ပါတယ်။
အာဆီယံရဲ့ သဘာဝဘေး စီမံခန့်ခွဲရေးနဲ့ လူသားချင်းဆိုင်ရာစာနာမှု အကူအညီပေးရေးအဖွဲ့ ဖြစ်တဲ့ AHA Center အဖွဲ့ကတော့ မုန်ုတိုင်းကြောင့် မြန်မာနိုင်ငံက အခြေခံအဆောက်အအုံ ကန်ဒေါ်လာ ၁၃ ဒဿမ ၅ ဘီလီယံခန့် ဆုံးရှုံးတယ်လို့ ဇွန်လ ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- Social Media