ကလေးမြို့၊သာစည်ရွာကိုစစ်ကောင်စီတပ်ဝင်စီးလို့ အရပ်သားတဦးဒဏ်ရာရ၊ ဒေသခံတွေထွက်ပြေးနေရ

ဇွန် ၊ ၂၅

စစ်ကိုင်းတိုင်း၊ကလေးမြို့အနီးသာစည်ကျေးရွာကိုဇွန်လ ၂၅ ရက် ဒီကနေ့မနက်ပိုင်း ၉ နာရီလောက်မှာပဲ စစ်ကောင်စီတပ်တွေဟာလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့တောက်လျောက်ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့တဲ့အတွက်အရပ်သားတဦးဒဏ်ရာရသလိုရွာလုံးကျွတ်နီးပါးချက်ခြင်းဆိုသလိုတိမ်းရှောင်ထွက်ပြေးခဲ့ရပါတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ပထမဇင်းကလင်းရွာမှာအထိုင်ချထဲကအဲ့ရွာကတဝက်ကျော်ကျော်လောက်ပြောင်းပြေးနေကြတာ၊ခုကတော့ရွာလုံးကျွတ်အားခြင်းပြေးကြရတာပါ၊ထိတဲ့သူကတော့သူတို့ပစ်ဝင်တဲ့အချိန်မှာပဲလက်ထိတာ၊လွတ်တော့လွတ်လာပြီသူက၊ခုလဲရွာထဲမှာမီးတွေရှို့နေတယ်၊မီးခိုးလုံးတွေထပ်တက်လာတာတွေ့နေရတယ်၊ဘာတွေရှို့နေလဲတော့မသိဘူး”လို့ သာစည်ရွာခံတဦးက DNA ကိုပြောပါတယ်။

အင်အားငါးဆယ်နီးပါးရှိတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒီကနေ့မနက်ပိုင်းမှာပဲဇင်းကလင်းအထိုင်တပ်ရင်းကထွက်လာပြီးသာစည်ရွာကိုအခုလိုစစ်ကြောင်းထိုးခဲ့တာဖြစ်သလိုစစ်ကြောင်းထိုးနေတဲ့အချိန်မှာတော့ကလေးကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့ပစ်ခတ်မှု့အနည်းငယ်ဖြစ်ပွားခဲ့သေးတယ်လို့လဲသိရပါတယ်။

“သူတို့ကကလေးမြို့နဲ့၊နည်းပညာတက္ကသိုလ်အထိလမ်းကြောင်းယူချင်တာ၊ဒီနေ့ကိုစစ်ကြောင်းထွက်တော့ဇင်းကလင်းနဲ့သာစည်ကြားကဂိတ်ဖွင့်ပွဲသွားမယ်ပဲမှတ်လိုက်တာ၊ပြီးတော့စစ်ကြောင်းဝင်ထိုးတော့၊ရွာထဲစီးပြီးမှထိတွေ့မှု့ဖြစ်တာ၊နှစ်ဖက်အကျအဆုံးအခြေအနေတော့မသိရသေးဘူး၊သူတို့ဖက်ကတော့လက်နက်ကြီးတောက်လျောက်ပစ်ကူအနေနဲ့ပစ်နေတာ၁၂ဝမမတွေနဲ့၊ရွာခံတွေကတော့ကျန်သမျှအကုန်ပြေးကြပြီ”လို့ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကထပ်ပြောပါတယ်။

အခုလိုစစ်ကောင်စီတပ်တွေအင်အားထိုးတာကြောင့်ကလေးမြို့အနီး ဆက်လက်တိုက်ပွဲတွေပြင်းထန်လာနိုင်သလို၊လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခေတ်တာတွေကြောင့်အရပ်သားထိခိုက်သေဆုံးမှုတွေတောက်လျောက်ဆိုသလိုဖြစ်လာနေတာပါ။

ဒါ့အပြင်ပစ်ခတ်မှုတွေကြောင့် ရ ပ်ရွာစွန့်ခွာပြီးမြို့ပေါ်နဲ့နီးစပ်ရာတွေကိုထွက်ပြေးကြရတဲ့အတွက်အမြဲတမ်းစစ်ရှောင်အရည်အတွက်ဟာလဲကလေးတောင်ပိုင်းမှာဆက်လက်မြင့်တက်လာနိုင်တာ်လို့လဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။

ကလေးမြို့နယ်မှာ လက်ရှိဇွန်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံခြောက်ဦးနဲ့ လေကြောင်းပစ်ခတ်တာကြောင့် တဦးသေဆုံးခဲ့ရာ သေဆုံးသူ သုံးဦးဟာ ဆယ်နှစ်အောက် ကလေးတွေဖြစ်ပါတယ်။

ဒါ့အပြင် ဒေသခံအရပ်သား သုံးဆယ်ဝန်းကျင်ဟာလည်း စစ်ကောင်စီလက်နက်ကြီးကြောင့် ဒဏ်ရာရခဲ့သလို အဲဒီထဲမှာကလေးသူငယ် ငါးဦးထက်မနည်းပါဝင်တယ်လို့လည်း ဖြစ်စဉ်မှတ်တမ်းတွေအရ သိရပါတယ်။