ဖမ်းဆီးခံထားရတဲ့ ထားဝယ်သပိတ်ခေါင်းဆောင်ရဲ့ ဖခင်ဖြစ်သူကို တပတ်ကြာတဲအထိပြန်မလွှတ်သေး

 

ဇွန်၊၂၅

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာခံထားရတဲ့ ထားဝယ်သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေကို ဖမ်းဆီးခံရပြီးနောက် တပတ်ကြာတဲ့အထိပြန်မလွတ်သေးသလို မိသားစုတွေနဲ့လည်းတွေ့ခွင့်မရသေးဘူးလို့ကာယကံရှင်မိသားစုဝင်တွေထံကနေ သိရပါတယ်။

 အသက် ၆၅ နှစ်ခန့်ရှိပြီဖြစ်တဲ့ ဦးအောင်ဖေကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်၊ နေ့လယ်ပိုင်းက လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာရှိ နေအိမ်မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် ၃၀ လောက်က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

 “အိမ်ကလိုက်တွေ့တာ တွေ့ခွင့်မပေးသေးဘူး၊အပေါ်က စစ်ဆေးဖို့ အမိန့်မကျသေးလို့ ဘယ်သူနဲ့မှလည်း တွေ့လို့မရသေးဘူး ပြောတယ်တဲ့၊ စားစရာတွေ အဝတ်အစားတွေတော့ ပေးလို့ရတယ်၊ လက်ရှိတော့ ကျန်းမာရေးလည်း ကောင်းကောင်းမွန်မွန်ပဲလို့ သိရတယ်” လို့ ကိုမင်းလွင်ဦးက DNA ကို ပြောပါတယ်။

ထားဝယ်သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးကိုတော့ စစ်ကောင်စီတပ်တွေက ဖမ်းဝရမ်း နှစ်ကြိမ်ထုတ်ခံထားရတဲ့အပြင် ဖမ်းဆီးသတင်းပေးကြဖို့ ဆုကြေးပါထုတ်ခဲ့တာဖြစ်ပြီး ဖမ်းမမိတာကြောင့် ဖခင်ဖြစ်သူကို အခုလိုဖမ်းဆီးတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

 ဦးအောင်ဖေကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးတဲ့အချိန် ဖုန်းနှစ်လုံးနဲ့ ပိုက်ဆံရှစ်သိန်းကျော်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ယူသွားပြီး ဘေးချင်းကပ်လျက်ရှိတဲ့ အခြားနေအိမ်က အသက် ၁၈ နှစ်ခန့်ရှိ အမျိုးသားတဦးကိုလည်း ဖမ်းသွားတယ်လို့ သိရပါတယ်။

 အဲဒီလူငယ်ကိုတော့ ဘာလို့ဖမ်းဆီးတာလဲဆိုတာ မသိရသလို သူ့မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရသေးဘူးလို့ နိီးစပ်သူတွေက ပြောပါတယ်။လက်ရှိ သူတို့နှစ်ဦးစလုံးကို လောင်းလုံးမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ပုဒ်မတပ် တရားစွဲတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

 ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ကိုမင်းလွင်ဦးကို ဖမ်းမမိလို့ သူ့ရဲ့မိခင်ဖြစ်သူကို စစ်ကောင်စီတပ်တွေက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တပတ်လောက်အကြာမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။