ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကူးတို့ဆိပ်ကို စစ်ကောင်စီတပ်သုံးရက်ပိတ်

ဇွန်၊၂၅

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို စစ်ကောင်စီမှ ဇွန်လ ၉ ရကမှ စပြီး ဒီကနေ့အထိ နေ့စဉ်မီးရှို့နေပြီး မုံရွာဘက်ခြမ်းသို့စက်လှေကူးခွင့်ကို မနေ့က စပြီးသုံးရက်ပိတ်လိုက်တယ်လို့  ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

‘’သုံးရက်ပိတ်လိုက်တာဗျ။ မုံရွာကို မည်သည့်စက်လှေမှအကပ်မခံတော့တဲ့ သဘောပါဗျ။ ပြည်သူတွေအတွက်တော့ သွားလာရေး အတော်ခက်သွားပြီဗျ’’ လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီလိုစစ်ကောင်စီတပ်က ဘာကြောင့် သွားလာခွင့်ပိတ်တယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

 မုံရွာမြို့သို့ကူးသန်းသွားလာတဲ့ညောင်ပင်ကြီး ရွာ‌ဒေသခံတွေဟာကူးတို့စက်လှေများကိုသာအားထားနေရတဲ့အတွက် အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့လည်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကကိုစစ်ငြိမ်းက ပြောပါတယ်။

“ မုံရွာကူးတို့ဆိပ်က ပိတ်ထားတာတော့ကြာပြီအခုဟာက ပြည်သူတွေသွားရေးလာရေးလွယ်အောင်လို့ စက်လှေကူးတို့ဆိပ်မှာ ခါတိုင်းကူးတို့ဆိပ်မှာ မဟုတ်ဘဲ အခြားနေရာမှာ သွားဆိုက်တာကိုတောင် မနက်ဖြန်လာရင်ပစ်သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောလွှတ်လိုက်တယ်ပြောတယ် “လို့ကိုစစ်ငြိမ်းကပြောပါတယ်။

ဒေသခံတွေကို ကမ်းကူးခွင့်ပိတ်ထားသော်လည်း စစ်ကောင်စီတပ်ကတော့သံခွန်စက်လှေတွေနဲ့မုံရွာဘက်ခြမ်းကနေညောင်ပင်ကြီးရွာသို့ သို့ စစ်သားတွေနဲ့ရိက္ခာတွေပို့ဆောင်နေကြောင်းသိရသည်။

ညောင်ပင်ကြီးအုပ်စုအတွင်းရှိ အိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၉ ရက်နေ့ကနေ့ ဒီကနေ့ အထိ  ဆက်တိုက်မီးရှို့ဖျက်ဆီးနေရာ လူနေအိမ် ခုနှစ်ရာကျော်ခန့် မီးလောင်ပျက်စီးသွားပြီလို့သိရပါတယ်။

“ အစောပိုင်းခန့်မှန်းခြေကတော့ အိမ်ခြေ ထောင့်ငါးရာလောက်ရှိမယ်ဟုတ် ခုနှစ်ရာကျော်လောက်တော့ မီးထဲကို ပါသွားပြီဟုတ် ထပ်ပြီးရှို့နေဆဲဆိုတော့ ဖျက်ဆီးခံရတဲ့ အိမ်တွေရောဆိုတော့ အတိအကျတော့ ခန့်မှန်းလို့ မရသေးဘူး “ လို့ကိုစစ်ငြိမ်းကပြောပါတယ်။

မုံရွာမြို့ အခြေစိုတ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နဲ့ချင်းတွင်းမြစ်သာခြားတဲ့ညောင်ပင်ကြီး ရွာရဲစခန်း ကိုဒေသတော်လှန်းတပ်ဖွဲ့ဝင်တွေက ဇွန်လ ၉ ရက်ညနေပိုင်း မှာစတင်တိုက်ခိုုက်ခဲ့ကြတာဖြစ်ပြီး ရဲစခန်း တခုလုံး နီးပါး စီးနင်းတိုက်ခိုက်ဖျက်ဆီးနိင်ခဲ့တယ်လို့ ‌ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိသလို လက်နက်ခဲယမ်းနဲ့ ငွေသား ကျပ်သိန်း တရာကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲဖြစ်ချိန်အတွင်း စစ်ကောင်စီက လေကြောင်း ၊လက်နက်ကြီးတွေနဲ့တိုက်ပွဲဖြစ်ချိန်အတွင်း တိုက်ခိုက်ခဲ့သလို တိုက်ပွဲအပြီး မှာလည်းမုံရွာ ဘက်ကနေ စစ်အင်အား ဖြည့်တင်းကာ ဒေသအတွင်းကို စစ်ကြောင်းထိုးတာ ရဲစခန်း ရှိရာ ညောင်ပင်ကြီး ရွာအတွင်းနေအိမ်တွေဖျက်ဆီးတာတွေလုပ်နေတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာရွှေအင်းလေး၊ နှင်းတော၊သိမ်တော်ကို မီးရှို့နေပြီး ပျက်ဆီးမှုအသေးစိတ်ကို အတည်ပြုလို့ မရသေးဘူးလို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ် စစ်ကြောင်းတာဝန်ရှိသူတဦးက ပြောထားပါတယ်။

“ အပျက်အစီးအဆုံးအရှုံးကတော့ မနေ့ကရော ဒီနေ့ရော မသိသေးဘူးဗျ။ အနီးနားကပ်ရင်ကို ပစ်ခတ်နေတာ ပြည်သူတွေကတော့ ရှောင်နေကြရတာပေါ့ ။အဲ့ဒိရွာတွေက ညောင်ပင်ကြီးပတ်ချာလည်ကရွာတွေ ပဲ” လို့ပြောပါတယ်။

ဒါ့အပြင်ညောင်ပင်ကြီး၊ထန်းတော ၊ရွာရှည် ၊နှင်းတော၊သိမ်တော်၊ဘုရားသုံးဆူ၊ရွှေအင်းလေး၊ငပလောင် အပါအဝင် တခြားရွာတွေကလူပေါင်း ခြောက်ထောင်ကျော် လောက်ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီလိုအပ်နေတယ်လို့ ကိုစစ်ငြိမ်းက ပြောပါတယ်။