ဇွန် ၊ ၂၅
စစ်အုပ်စုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပေါ် စွဲဆိုထောင်ချထားတဲ့ အမှုပေါင်းများစွာအနက် အယူခံမှု နှစ်ခုကို ဇူဇူလိုင်လ ၅ ရက်နေ့မှာ နေပြည်တော်မှာရှိတဲ့တရားရုံးမှာ နှစ်ဖက်ကြားနားသွားဖို့ ရှိတယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချူပ်ရဲ့ အမှုခေါ် စာရင်းတွေအရ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့ အမှုအမှတ် ၉၇(ခ)/၂၀၂၃ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ နဲ့ထောင်ချထားတဲ့အမှုတခုနဲ့ ဦးဝင်းမြင့်ကတော့ အမှုအမှတ် ၉၆(ခ)/၂၀၂၃ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှုအမှုတခုအတွက် နှစ်ဖက်ကြားနားဖို့ရှိနေတာပါ။
“ အားလုံးသိထားတဲ့အတိုင်းပဲ သူတို့နဲ့ ပက်သက်တဲ့ အမှုအားလုံးအတွက် အယူအဆင့်ဆင့်တင်ခဲ့ပေမယ့်ပယ်ချပြီး လက်မခံလို့ အထူးအယူခံတွေတက်နေကြတာပေါ့။ အမှုခေါ်စာရင်းမှာလည်း ပါတယ်လေ နောက်လ ၅ရက်ဗုဒ္ဓဟူးနေ့မှာ ချိန်းထားတယ်။ နှစ်ဖက်ပြောကြမှာပေါ့ အမိန့်တွေအပေါ် ဥပဒေနဲ့ ညီမညီဆိုတာကိုပါ “ လို့တရားရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တဦးကပြောပါတယ်။
စစ်ကောင်စီက စွပ်စွဲထားတဲ့အမှုတွေထဲမှာ သမ္မတဦးဝင်းမြင့်ကတော့ အရင်ဝန်ကြီးဟောင်း ဦးမင်းသူနဲ့ ပူးတွဲစွဲဆိုပြီး ထောင်ဒဏ် သုံးနှစ်ချမှတ်ထားတဲ့ ရာဇာသတ်ကြီးပုဒ်မ ၁၃၀(က)ရွေးကောက်ပွဲဆိုင်ရာ မလျော်ဩဇာသုံးမှု အတွက် အယူခံတက်ထားတာဖြစ်ပါတယ်။
အလာတူးပဲ ဒေါ်အောင်ဆန်းစုကြည်ကတော့ မစ္စတာရှောင်တာနယ်လ်ရဲ့ ကွန်ပျူတာအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့အချက်အလက်တွေနဲ့ ပက်သက်ပြီး နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ၃(၁)(ဂ)က နဲ့ စစ်ကောင်စီက တရားစွဲဆိုထောင်သုံးနှစ်ချထားတဲ့ အမှုအတွက် အယူခံတက်ခဲ့တာပါ။
အဲဒီအမှုမှာ မစ္စတာရှောင်တာနယ် အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ကို တပေါင်းတည်းစွဲဆိုခဲ့တာပါ။
အဲဒီနောက် နေပြည်တော်ရှိ စစ်ကောင်စီလက်အောက်ခံတရားရုံးက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာစွပ်စွဲထားတဲ့သူတွေကို ထောင်ဒဏ် သုံးနှစ်စီ အမိန့်ချခဲ့တာပါ။
အဲဒီအမှုနဲ့ ပက်သက်ပြီး တရားစွဲဆိုခံရသူ ငါးဦးအနက် လေးဦးကတော့ ပြစ်ဒဏ်စေ့လို့ အကျဉ်းထောင်အသီးသီးကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ဆက်လက်ဖမ်းဆီးခံထားရတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ သူမနဲ့ လူချင်းတွေ့ဆုံခွင့်ရဖို့ စစ်အုပ်စုထံပြီးခဲ့တဲ့ဇွန်လ ကတည်းကတင်ပြထားပေမယ့် လက်ရှိအချိန်အထိတွေ့ခွင့်မရသေးဘူးလို့ နေပြည်တော်ရှိ တရားရေးအသိုင်းအဝိုင်းကသိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၁ ရက် ကစတင်ပြီး ဖမ်းဆီးထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံရထားရတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ သမ္မတဦးဝင်းမြင့်ကို တောင်ငူထောင်ကို ပြောင်းရွှေ့ထားသလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေပြည်တော်အချုပ်ထောင်မှာ ဖမ်းဆီးထားပါတယ်။