ဇွန်၊ ၂၄
တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီ(ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီရဲ့ နောက်ဆုံးစစ်စခန်း BP -13 က စစ်သား ၁၈ ဦးဟာတော်လှန်ရေးတပ်ဖွဲ့တွေဆီ ဒီကနေ့ မနက်ပိုင်းက လက်နက်အပြည့်အစုံနဲ့ လက်နက် ချခဲ့တယ်လို့ ကရင်နီစစ်ဘက်ရေးရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ရှိသူ ခူညေးရယ်က DNAကိုပြောပါ တယ်။
လက်နက်ချလာသူတွေရဲ့ပြောဆိုချက်အရ အဲ့ဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ဦး ရှိနေတယ်လို့ဆိုတာကြောင့် သုံးဦးပျောက်ဆုံးနေပေမယ့် အခုနောက်ဆုံးစခန်းအပါအဝင် ရဲစခန်းနဲ့ စစ်စခန်းခြောက်ခုကို တော်လှန်ရေးတပ်ဖွဲ့ တွေက သိမ်းပိုက်ခဲ့ပြီဖြစ်တယ်လို့ သူကပြောပါတယ်။
“လက်နက်အပြည့်အစုံနဲ့ လက်နက်ချတာ၊သံလွင်အရှေ့ခြမ်းက မယ်စဲ့ကို အားလုံးသိမ်းပိုက်ပြီးသွားပြီလို့ ပြောလို့ ရတာပေါ့၊ရဲစခန်းအပါအဝင် စခန်းခြောက်ခုကို ကျွန်တော်တို့ရပြီ၊စိတ်တော့မချရသေးဘူးပေါ့”လို ခူညေးရယ်က ပြောပါတယ်။
တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုဖြစ်တဲ့ 4K တပ်ပေါင်းစုက ဇွန်လ ၁၃ ရက်က မယ်စဲ့မြို့မရဲစခန်း၊ စစ်စခန်း တွေဖြစ်တဲ့ BP – 14၊ BP -15 ၊ BP – 16 တောင်လှစခန်းနဲ့ မယ်တနွယ်စခန်းတို့ကို သိမ်းပိုက်ခဲ့သလို မနေ့ကတော့ စစ်ကောင်စီရဲ့ ပင်မဗျူဟာကုန်းစစခန်းတခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မနေ့က သိမ်းပိုက်ရရှိခဲ့တဲ့ စခန်းကုန်းဟာ မယ်စဲ့မြို့နယ်အတွင်းက တခြားစစ်စခန်းကုန်းတွေနဲ့ ထိုင်းမြန်မာနယ် စပ်က စစ်စခန်းကုန်းတွေကို ဆက်သွယ်တဲ့ ပင်မစခန်းဖြစ်တာကြောင့် ဒီကနေ့မှာ လက်နက်ကြီးကုန်းနဲ့ ယှဉ်တွဲ ရှိနေတဲ့ BP -13 က စစ်ကောင်စီတပ်သားတွေ လက်နက်ချ အညံ့ခံခဲ့တာဖြစ်တယ်လို့ ခူညေးရယ်က ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှာဖွေနေဆဲဖြစ်ပြီး ဇွန်လ ၁၃ ရက်ကနေ ဒီကနေ့ထိ တိုက်ပွဲတွေကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုတွေကို အသေးစိတ် မသိရသေးပါဘူး။
စစ်ကောင်စီရဲ့ပင်မစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မနေ့ကတိုက်ပွဲမှာ 4K တပ်ပေါင်းစုက တပ်ဖွဲ့ဝင်လေး ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် မယ်စဲ့မြို့နယ်က ဆယ်ရက်ကျော်ကြာ တိုက်ပွဲတွေအတွင်း လက်နက်ကြီး၊ လက်နက်ငယ်အများအပြား ကိုလည်း တော်လှန်ရေးမဟာမိတ်တပ်တွေက သိမ်းပိုက်ရရှိထားတယ်လို့ ကနဦးသိရပြီး အချက်အလက် အသေး စိတ်ကိုတော့ မသိရသေးပါဘူး။
မယ်စဲ့မြို့နယ်အတွင်းတိုက်ပွဲတွေဟာ လက်ရှိမှာ နယ်မြေချင်းထိစပ်နေတဲ့ ဖားဆောင်းမြို့နယ်အတွင်းကိုလည်း ကူးစက်ခဲ့တာကြောင့် ဇွန်လ ၁၉ ရက်ကစလို့ ဖားဆောင်းက ပြည်သူတွေအနေနဲ့ မြို့ထဲမှာ မနေတော့ဖို့ စစ် ကောင်စီက ထုတ်ပြန်ထားသလို ဖားဆောင်း၊ ဘော်လခဲနဲ့ မယ်စဲ့မြို့နယ်တွေက ပြည်သူတွေ စစ်ရှောင်နေ ကြရတယ်လို့ သိရပါတယ်။
မယ်စဲ့မြို့နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲမှာ စစ်ဘေးရှောင် ၄၀၀၀ နီးပါး စစ်ရှောင်နေကြရပြီး ထိုင်းအစိုးရကစစ်ရှောင်တွေကို ပိတ်ဆို့မှုတွေလုပ်ထားတာကြောင့် ထိုင်းမြန်မာနယ်စပ်မှာ လည်းစစ်ရှောင် တထောင်ကျော် ရှိနေတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ အခြေခံစားနပ်ရိက္ခာနဲ့ အမိုးအကားတွေ အရေးပေါ် လိုအပ်နေပြီး စစ်ရှောင် ပြည်သူတွေထဲ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။
ပုံစာ-ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အခမ်းအနားတခုမှာတွေ့ရစဉ်။