မြန်မာက ခေတ်သစ် စစ်အေးကာလကို ပုံဖော်မယ့် စစ်မြေပြင် တခုလား

 

ဇွန် ၊ ၂၄

၂၀၂၁ ခုနှစ် အစောပိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အသက်ပေါင်းများစွာ စတေးရတဲ့ ထိန်းမနိုင် သိမ်းမရ ပရမ်းပတာ အဖြစ်မျိုးဆီ ဦးတည်လာပါတယ်။ စစ်အာဏာရှင်ကို ငြိမ်းငြိမ်းချမ်းချမ်း ချီတက် ဆန္ဒပြခဲ့ကြတဲ့ လှုပ်ရှားမှုတွေကနေ လက်နက်ရေးထိ အရှိန်ကောင်းလာတဲ့နောက် အရင်ကတည်းက ပြည်တွင်းစစ်နဲ့ မစိမ်းတဲ့ နိုင်ငံဟာ အသစ်တဖန် တောက်လောင်လာတဲ့ ပြည်တွင်းစစ်မီးတွေရဲ့ ဝါးမျိုခြင်းကို ခံလာရပါတယ်။ အစိုးရကို နှစ်ရှည်လများ စစ်ခင်း တော်လှန်နေခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ အာဏာသိမ်းမှု အပြီးမှ အသစ်ပေါ်ပေါက်လာတဲ့ တော်လှန်ရေး အင်အားစုတွေ ချိတ်ဆက်မိလာတဲ့အခါ လက်နက်ကိုင် ပုန်ကန်မှုဟာ အခြေခိုင်ခိုင်နဲ့ တည်တံ့ ရှည်ကြာလာပါတယ်။ အခုဆိုရင် မဟာဗျူဟာ အမြင်အရ အာဏာသိမ်း စစ်တပ်ရော၊ တော်လှန်ရေး အင်အားစုတွေပါ ဘယ်သူ အနိုင်ရမယ်ဆိုတာ မရေရာတဲ့ မတင်မကျ အခြေအနေကြီးကို ကြုံနေလျက်နဲ့ကို မလျှော့မပေးစတမ်း ဆက်လက် တိုက်ခိုက်နေကြတုန်းပါပဲ။ အိမ်နီးချင်း နိုင်ငံတွေက ကြားဝင်ပြီး ညှိနှိုင်းပေးဖို့ အားထုတ်ကြပေမယ့်လည်း စေ့စပ် ဆွေးနွေးမှု နည်းလမ်းနဲ့ ငြိမ်းချမ်းရေး အဖြေထွက်လာမယ့် အလားအလာတော့ မတွေ့ရပါဘူး။

 အင်အားကြီး နိုင်ငံနှစ်ခုကြား ပါဝါလွန်ဆွဲမှုတွေ ဆက်တိုက် မြင့်တက်လာတဲ့ ကာလမျိုးမှာတောင်မှ အမေရိကန်ရော၊ တရုတ်ပါ လွန်ခဲ့တဲ့ ၂ နှစ်လောက်အတွင်း မြန်မာနိုင်ငံ ပြဿနာနဲ့ ပတ်သက်လို့ အရေးတယူ အာရုံစိုက်ခဲ့ဟန် မရှိပါဘူး။ အမေရိကန်နဲ့ အနောက်မဟာမိတ် လက်တွဲဖော် နိုင်ငံတွေက မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အင်အားစုတွေကို နှုတ်အားဖြင့် စောင်မ ထောက်ပံ့ခဲ့ပေမယ့် ပထဝီဝင် နိုင်ငံရေး အခြေအနေတွေအရ သူတို့ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ထိထိရောက်ရောက် ဆန့်ကျင် ထိုးနှက်ဖို့ကိုတော့ တွန့်ဆုတ်ခဲ့ကြပါတယ်။ အခုအခါ တရုတ်က တချို့သော အပိုင်းတွေမှာ အာဏာသိမ်း စစ်တပ်ကို မျက်နှာသာပေး ထောက်ခံနေတဲ့တိုင် အစောပိုင်း ကာလတွေတုန်းကတော့ ခြံစည်းရိုး ခွထိုင်ပြီး စောင့်ကြည့်ချင်တဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။

 ဒါပေမဲ့ အခုတော့ မြန်မာ့အရေးမှာ တရုတ်နဲ့ အမေရိကန်တို့က ဟိုလိုလို ဒီလိုလို ယောင်ဝါးဝါး သဘောမျိုးပဲ ရပ်တည်နေခဲ့တဲ့ အနေအထားကနေ ပြောင်းလဲလာနေတာ မြင်သာပါတယ်။ အများစု သတိမမူမိတဲ့ အချက်အလက်တွေ အပါအဝင် အခြေအနေ တော်တော်များများက အခုအခါမှာ တော်လှန်ရေး အင်အားစုတွေဟာ အမေရိကန်က လိုလားထောက်ခံသူတွေအဖြစ် ပီပြင်လာတာကို ညွှန်ပြနေပြီး တချိန်တည်းမှာပဲ တရုတ်ကလည်း စစ်အာဏာရှင်တွေကို ထောက်ပံ့အားပေးတာကို အရှိန်မြှင့်တင်လာပါတယ်။ အကျိုးဆက်ကတော့ စစ်အေးခေတ် ပုံဖော်ခြင်းဆိုတဲ့ အနေအထားဆီ တရွေ့ရွေ့ ဦးတည်လာနေခြင်းပါပဲ။ မြန်မာ့ ပြည်တွင်းစစ်ဟာ အင်အားကြီး စူပါပါဝါ နိုင်ငံကြီးတွေက ထဲထဲဝင်ဝင် စွက်ဖက်မှုကို ဆွဲဆောင်တဲ့ အခြေအနေမျိုး ဖြစ်လာပါပြီ။ အဲဒီ နိုင်ငံကြီးတွေက တခုခု ဝင်မလုပ်ဘဲ ဘေးထိုင်နေရင် ကိုယ့်ပြိုင်ဘက်က အသာစီး ရသွားမှာ၊ ကောင်းကျိုး ခံစားသွားရမှာကို စိုးရိမ်တဲ့စိတ်နဲ့ လန့်နိုးလာကြပါပြီ။

 ဒီသဘောတရားကပဲ အရှေ့တောင်အာရှ ဒေသတွင်းက အိမ်နီးချင်း နိုင်ငံတွေ (အာဆီယံ)ကိုလည်း ထိတွေ့မှုတွေ ပိုမို အရှိန်မြှင့်လာစေပါတယ်။ အာဆီယံရဲ့ အရေးပါတဲ့ ဝါဒ တခုကတော့ အမေရိကန်နဲ့ တရုတ်တို့ကြားမှာ တဖက်ဖက်ကို မဖြစ်မနေ ရွေးချယ်ရတော့မယ်ဆိုတဲ့ အခြေအနေမျိုး ရောက်မသွားအောင် ထိန်းညှိထားဖို့၊ စူပါပါဝါ နှစ်နိုင်ငံလုံးနဲ့ သင့်တင့် ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ထူထောင်ထားဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့ ပြည်တွင်းစစ်ဟာ စူပါပါဝါတွေ သွယ်ဝိုက် ပြိုင်ဆိုင်တဲ့ စစ်အေးခေတ် အငွေ့အသက်တွေ လွှမ်းခြုံတဲ့ ပဋိပက္ခအသွင် ဆောင်လာတဲ့အခါ ဒီအခြေအနေကို ဘယ်လိုမှ မနှစ်မြို့နိုင်တဲ့ ဒေသတွင်း နိုင်ငံ ခေါင်းဆောင်တွေကြား ဂယက်ရိုက်ခတ်မှုတွေ ရှိလာပါတယ်။ အခုဆိုရင် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲမှာ စစ်ခေါင်းဆောင်နဲ့ ဒီမိုကရေစီ အင်အားစုတွေကြား ဘယ်ဖက်ကို ထောက်ခံမလဲဆိုတဲ့ မေးခွန်းထက် ပိုတဲ့ ရှုထောင့်မျိုးဆီ ချဉ်းကပ်ဖို့ လိုလာပါပြီ။ အဲဒါကတော့ တရုတ်နဲ့ အမေရိကန်ကြား ဘယ်ဖက်ကို ယိမ်းမလဲ ဆိုတာပါပဲ။ ဝါရှင်တန်မှာရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ မဟာမိတ်တွေ အမြင်မှာတော့ တရုတ်ကို အသည်းအသန် တွယ်ကပ်ပြီး မှီခိုနေတဲ့ စစ်အာဏာရှင်မျိုး တည်တံ့နေခြင်းဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ အမေရိကန် ဩဇာ ပျံ့နှံ့မှု ပိုမို ပျောက်ကွယ်သွားစေမယ့် နိမိတ်ပုံ တခုအဖြစ် ခံစားလာရဟန် ရှိပါတယ်။

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းဟာ မြန်မာနိုင်ငံကို ပဋိပက္ခတွေ ခြုံလွှမ်းတဲ့ အလုံးစုံ ပျက်စီးမှု လမ်းကြောင်းဆီ ဦးတည်သွားစေခဲ့ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက် အာဏာသိမ်း ဖယ်ရှားမှုကို ခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု မြင့်မြင့်မားမား ရှိနေတဲ့ နိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကို လူထုက မထောက်ခံဘဲ ရွံမုန်းကြတာ မဆန်းပါဘူး။ ဒီလိုနဲ့ သိန်းနဲ့ချီ များပြားတဲ့ ပြည်သူလူထုဟာ အာဏာသိမ်းမှုကို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ ဆန့်ကျင်ခဲ့ကြတယ်။ မတရား ဖြုတ်ချခံခဲ့ရတဲ့ ရွေးကောက်ခံ လွှတ်တော် အမတ်တွေဟာ တခြား နိုင်ငံရေး အစုအဖွဲ့တွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ လက်တွဲပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကို ထူထောင်ခဲ့ကြတယ်။ NUGရဲ့ အခြေခံ အကျဆုံး ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီကို ပြန်လည် ရယူဖို့ ဖြစ်ပါတယ်။ ဒီအားထုတ်မှုတွေအတွက် စစ်တပ်ရဲ့ ဖြေရှင်းမှုကတော့ အတိုက်အခံ အင်အားစုတွေအပေါ်အညှာအတာ လုံးဝမရှိတဲ့ အကြမ်းဖက်မှုတွေ မနားမနေ ကျူးလွန်ခြင်း တုံ့ပြန်လာတာပဲ ဖြစ်ပါတယ်။

 ၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ပွဲ အသစ်ဆီ လမ်းကြောင်းလွဲ ဦးတည်လာပါတယ်။ အတိုက်အခံ အင်အားစုတွေက စစ်အာဏာရှင် ကြီးစိုးမှုကို တွန်းလှန်ဖို့ လက်နက်ဆွဲကိုင်ခဲ့ကြပြီး နောက်မဆုတ်တမ်း တိုက်ပွဲဝင်သွားဖို့ စိတ်ပိုင်းဖြစ်ခဲ့ကြတယ်။ တချိန်တည်းမှာပဲ အဲဒီ တော်လှန်ရေး အင်အားစုသစ်ဟာ ရှိရင်းစွဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂ ဒါဇင်လောက်နဲ့ အချိတ်အဆက်တွေ ရှိလာပါတယ်။ နယ်စပ်တွေမှာ အဓိက အခြေစိုက်ပြီး EAOတွေလို့ အတိုကောက် ခေါ်ဝေါ်တဲ့ အဲဒီ အင်အားစုတွေထဲက တချို့ဟာ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ဆက်နွှယ်မှုတွေ ရှိနေပါတယ်။

 အဘက်ဘက်က ပိုမိုသာလွန်တဲ့ လက်နက် တပ်ဆင်မှုတွေ ရှိနေတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့တိုင် ဒီမိုကရေစီရေး အင်အားစုတွေနဲ့ EAOတွေဟာ နိုင်ငံအနှံ့က ကျေးလက် ဧရိယာ အများအပြားမှာ ခိုင်ခိုင်မာမာ ခြေကုပ်ယူ ထိန်းချုပ်နိုင်စွမ်းတွေ ရှိလာပါတယ်။ အထူးသဖြင့် အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းတို့လို အိမ်နီးချင်းတွေနဲ့ ထိကပ်နေတဲ့ နယ်စပ် ဧရိယာတွေမှာ အတိုက်အခံ အင်အားစုတွေရဲ့ လွှမ်းမိုးနိုင်စွမ်းက ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ၂၀၂၁ နှစ်လယ်လောက်မှာ ကတည်းက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့တပ်တွေက တနိုင်ငံလုံးကို ထိန်းချုပ်ထားနိုင်တာ မဟုတ်တော့ပါဘူးလို့ ဝန်ခံလာရပါတယ်။ ဒါပေမဲ့လည်း တော်လှန်ရေး အင်အားစုတွေဟာ အဲဒီအချိန်ကစလို့ ကျေးလက် ဧရိယာတွေမှာပဲ ခြေကုပ် မြဲနေခဲ့ပြီး မြို့ကြီးမြို့ငယ်တွေကို သိမ်းယူနိုင်ဖို့တော့ ရုန်းကန်နေရပါတယ်။ အကြောင်းရင်းကတော့ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီး အင်အား အသာစီးရမှုနဲ့ လေတပ် အားသာချက်တွေကြောင့်ပါပဲ။ ဒီလိုနဲ့ပဲ ၂၀၂၃ ခုနှစ် နွေဦးပေါက်လောက် ရောက်လာချိန်မှာ နှစ်ဖက်စလုံးဟာ မဟာဗျူဟာ ရှုထောင့်အရ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုး ဖြစ်လာပါတော့တယ်။

 အာဏာသိမ်းမှု ပြီးပြီးချင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ချဉ်းကပ်မှုဟာ အတော်လေး သတိကြီးကြီးထားပြီး စံနှုန်းနဲ့ အကျိုးစီးပွားတွေကြား လက်တွေ့ကျတဲ့ ဟန်ချက်ညီမှုမျိုးကို ရွေးချယ်ခဲ့ပါတယ်။ အမေရိကန်ဟာ အာဏာသိမ်း စစ်တပ်ကို အတိအလင်း ဆန့်ကျင်ပေမယ့်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ တရင်းတနှီး ဆက်ရှိနေတဲ့ ဒေသတွင်း မဟာမိတ်တွေကို ဖယ်ကြဉ်တာ၊ စွန့်ခွာတာမျိုးတော့ မလုပ်ခဲ့ပါဘူး။

 မြန်မာ့ တော်လှန်ရေး လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ပိုင်းနဲ့ အမေရိကန်ရဲ့ အဆင့်မြင့် အရာရှိတွေ တွေ့ဆုံခဲ့သလို အာဏာသိမ်း စစ်တပ်ရဲ့ ရာထူးအကြီးပိုင်း ဗိုလ်ချုပ်တွေကို အမေရိကန် အစိုးရက ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေက စစ်အာဏာရှင်တွေအတွက် ပွပေါက် အတိုးဆုံး အခွင့်အလမ်း တခုဖြစ်တဲ့ မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းကို ထိပါးတာမျိုး မရှိခဲ့ပါဘူး။ စစ်တပ်က ထိန်းချုပ်ထားတဲ့ အဲဒီလုပ်ငန်းဟာ နှစ်စဉ် ဒေါ်လာ ၁ ဘီလီယံခွဲလောက် ဝင်ငွေ ရှာဖွေပေးနေပြီး စစ်တပ်အတွက် အရေးတကြီး လိုအပ်နေတဲ့ နိုင်ငံခြား ငွေကြေးတွေ ရရှိဖို့ ပင်မ ရင်းမြစ်တခု ဖြစ်နေပါတယ်။ နောက်ပြီး အမေရိကန်ဟာ အာဏာသိမ်း မြန်မာ စစ်ကောင်စီနဲ့ လက်တွဲ အလုပ်လုပ်နေဆဲဖြစ်တဲ့ ထိုင်း စွမ်းအင် ကုမ္ပဏီတွေ၊ စင်ကာပူ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း ဆက်စပ် အရေးယူတာမျိုး မရှိခဲ့ပါဘူး။

 ဒီလိုမျိုး တချို့ ကိစ္စတွေမှာ လုပ်သင့်တာကို ရှောင်ဖယ်ထားတာက အမေရိကန် အနေနဲ့ ဒေသတွင်း နိုင်ငံတချို့၊ အထူးသဖြင့် ထိုင်းနဲ့ အငြင်းပွားမှုတွေကို ရှောင်လွှဲချင်လို့လည်း ဖြစ်နိုင်ပါတယ်။ ထိုင်းအစိုးရ ကိုယ်တိုင်က ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကနေ ပြောင်းလဲ ဖွဲ့စည်းထားတာ ဖြစ်သလို မြန်မာနိုင်ငံက အာဏာသိမ်း စစ်တပ်ကို ထောက်ခံနေပါတယ်။ ပြီးတော့ စစ်ကောင်စီနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေလည်း နီးနီးကပ်ကပ် လုပ်ဆောင်နေဆဲပါ။ ဒေသတွင်းက အမေရိကန်ရဲ့ အရေးကြီးတဲ့ မဟာမိတ် နိုင်ငံတွေဖြစ် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့ဟာ မြန်မာ့ အကျပ်အတည်းနဲ့ ပတ်သက်လို့ စိုးရိမ်ပါတယ်လို့ တွင်တွင်ပြောနေပေမယ့် ဒီထက်ပိုပြီး ပြင်းထန်တဲ့ ဖိအားမျိုးတွေ စစ်တပ်ကို ပေးဖို့ကျတော့ တွန့်ဆုတ်နေပါတယ်။ အကြောင်းရင်းကတော့ တရုတ်ရဲ့ ဩဇာ သက်ရောက် ကြီးစိုးမှုကို အားပေးအားမြှောက်ရာ ရောက်သွားမှာ စိုးရိမ်တာကြောင့်ပါ။ ဒီတော့ သူတို့ဟာ အာဏာသိမ်း စစ်တပ်နဲ့ စီးပွားရေး၊ သံတမန်ရေး ဆက်ဆံမှုတွေကို ထိန်းထားတာမျိုး၊ အိန္ဒိယဆိုရင် ရှိရင်းစွဲထက်တောင် မြှင့်တင်တာမျိုး နည်းလမ်းတွေကို ရွေးချယ်ခဲ့ပြီး မြန်မာ့ တော်လှန်ရေးအတွက် ထိထိရောက်ရောက် အားပေးထောက်ပံ့မယ့် သဘောမျိုး မတွေ့ရတော့ပါဘူး။

 အမေရိကန်နဲ့ သိပ်ပြီး ကွဲလွဲမှု မရှိဘဲ တရုတ်ကလည်း မြန်မာ့အရေးနဲ့ ပတ်သက်ရင် အမြင်နှစ်ခွ ရှိခဲ့ပုံ ပေါ်ပါတယ်။ အာဏာသိမ်းမှု မတိုင်ခင်တုန်းက တရုတ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရနဲ့ အတော်လေး ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိနှင့်ခဲ့ပါတယ်။ တရုတ်ရဲ့ ရှုထောင့်ကနေ ဝင်ကြည့်ရင် မိုင်ပေါင်း ၁၃၀၀ လောက် နယ်နိမိတ် ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံမှာ ပြည်တွင်းစစ်တွေ ပွဲကြမ်းနေခြင်းက ဒေသတွင်း တည်ငြိမ် အေးချမ်းမှု အတွက်ရော၊ တရုတ်က ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံပြီး ကြီးမှူး အကောင်အထည် ဖော်နေတဲ့ ရပ်ဝန်းတခု၊ လမ်းကြောင်းတခု မဟာစီမံကိန်းကြီး အတွက်ပါ ဘယ်လိုမှ ကောင်းကျိုး မရှိပါဘူး။ တရုတ်ဟာ မြန်မာ စစ်တပ်အတွက် အဓိက စစ်လက်နက် ထောက်ပံ့ပေးတဲ့ နိုင်ငံတခုအဖြစ် ဆက်လက် ရပ်တည်နေတဲ့တိုင် စစ်တပ်ရဲ့ ခေါင်းဆောင်မှုအပေါ် ဘယ်တုန်းကမှ အပြည့်အဝ ယုံကြည်မှု မရှိခဲ့တာ သေချာပါတယ်။ စစ်ခေါင်းဆောင်တွေက နိုင်ငံကို အုပ်ချုပ်တဲ့ ပုံစံဟာ ခန့်မှန်းရ ခက်လွန်းပါတယ်။ နောက်ပြီး တရုတ်ဟာ တချို့သော မြန်မာ့ EAOတွေကိုလည်း တရားမဝင် နယ်စပ်ဖြတ်ကျော် လက်နက် ထောက်ပံ့တဲ့ ကွန်ရက်တွေကနေတဆင့် ပံ့ပိုးပေးတာမျိုးတွေ ရှိနေပြန်ပါတယ်။

 ဒီအကြောင်းတရားတွေကြောင့်ပဲ ဘေဂျင်းမှာရှိတဲ့ ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်း ဘယ်ဖက်မှာ လောင်းကြေး ဝင်ထပ်ရမလဲ ဆိုတာကို အတိအလင်း ဆုံးဖြတ်ဖို့ ခက်နေခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဘယ်တုန်းကမှ မရှုတ်ချခဲ့သလို အရပ်သား ဒီမိုကရေစီ အစိုးရ ပြန်လည် အာဏာရလာရေးအတွက် လူသိရှင်ကြား တောင်းဆိုတာမျိုးလည်း မရှိခဲ့ပေမယ့် တရုတ်ဟာ NUGအတွက် နောက်ကွယ်မှာ လမ်းကြောင်းတွေ ဖွင့်ပေးထားခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို မဖျက်သိမ်းဖို့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေဆီ ဖိအားပေးခဲ့ပါတယ်။ တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲ ပြင်းထန်ရာကနေ တရုတ်ပိုင် နယ်ခြားမြို့ တခုထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတဲ့အခါ တရုတ် အစိုးရက စစ်ခေါင်းဆောင်တွေကို ချက်ချင်း ဆက်သွယ်ပြီး နောက်တခါ ဒါမျိုးထပ်ဖြစ်ရင် လိုအပ်သလို တုံ့ပြန် အရေးယူမယ်လို့ တင်းတင်းမာမာ သတိပေးခဲ့ပါတယ်။ နောက်ပြီး တရုတ်ဟာ အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်တွေကိုလည်း အလစ်မပေးဘဲ လက်လှမ်းမီအောင် အမြဲတမ်း သတိထားနေပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး(ဟောင်း) ဝမ်ယိဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ အဲဒီအချိန် ဝမ်ရဲ့ လုပ်ရပ်ဟာ သံတမန်ရေးအရ အတော်လေး မြင်သာတဲ့ သစ်စိမ်းချိုးမှုမျိုး ဖြစ်ခဲ့ပါတယ်။

 အမေရိကန်ရော၊ တရုတ်ဆီကပါ အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးတဲ့ ဆင်ခြင်တွေးတောမှုတွေကြောင့် မြန်မာ့ အကျပ်အတည်းဟာ အင်အားကြီး စူပါပါဝါ နိုင်ငံတွေရဲ့ တိုက်ရိုက် စွက်ဖက်မှုဟာ အချိန်အတိုင်းအတာ တခုထိ ကင်းကွာနေခဲ့ပါတယ်။ မြေပြင်မှာ လက်တွေ့ တိုက်ပွဲဝင်နေတဲ့ အစုအဖွဲ့တွေကတော့ သူတို့ဟာ ကမ္ဘာကြီးပေါ်မှာ ဒီမိုကရေစီနဲ့ အာဏာရှင် စနစ်ကြား မဆုံးနိုင်တဲ့ အားပြိုင်မှုတွေထဲက အစိတ်အပိုင်း တခုလို့ ခံယူထားကြဟန် ရှိပါတယ်။ မြင်သာတဲ့ အချက်က မြန်မာ့ တော်လှန်ရေး အင်အားစုတွေဟာ ယူကရိန်းကို ထောက်ခံ ရပ်တည်ကြောင်း ပြသနေပြီး အာဏာသိမ်း စစ်တပ် ဘက်တော်သားတွေကတော့ ရုရှားကို အားပေး ရပ်တည်နေကြပါတယ်။ အမှန်တော့ တရုတ်နဲ့ အမေရိကန်တို့ အတွက်တော့ မြန်မာ့ အကျပ်အတည်းကို အဲဒီလောက်ထိ မူဝါဒရေးရာ သဘောထားတွေနဲ့ ချဉ်းကပ်နေမှာ မဟုတ်ပါဘူး။ ပြည်တွင်းစစ်ကို သူတို့ရဲ့ သွယ်ဝိုက်စစ်ပွဲ ဖြစ်မလာစေဘဲ ဟန်ချက်ညီညီ ခြံစည်းရိုး ခွထိုင်ဖို့ပဲ ဦးစားပေးခဲ့ကြတာပါ။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတုန်းကဆိုရင် အမေရိကန်နဲ့ တရုတ်တို့ ညှိနှိုင်း သဘောတူပြီး ကုလသမဂ္ဂမှာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ် တင်မြှောက်ခွင့်ကို တားဆီး ပိတ်ပင်ခဲ့ကြဖူးပါတယ်။

 မနှစ်တုန်းကတော့ အခြေအနေတွေက ပိုဆိုးတဲ့ဖက်ကို ဦးတည်သွားပါတော့တယ်။ တရုတ်က အစောပိုင်းမှာ သတိကြီးကြီး ချဉ်းကပ်နေတဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး စစ်ကောင်စီကို အပြည့်အဝ ထောက်ခံ ထွေးပွေ့လိုက်ပါတော့တယ်။ ဒီအပြောင်းအလဲကို တွန်းအားပေးတဲ့ အဓိက အကြောင်းရင်းကတော့ အမေရိကန်ကလည်း မြန်မာ့အရေးမှာ လမ်းကြောင်းပြောင်းပြီး တော်လှန်ရေး အင်အားစုတွေကို အပြည့်အဝ ထောက်ခံ ရပ်တည်ပေးနေပြီလို့ တရုတ်က ယူဆလာတာကြောင့် ဖြစ်နိုင်ပါတယ်။ နောက်ပြီး အမေရိကန်ဟာ တော်လှန်ရေး အင်အားစုတွေ အပေါ်မှာ စတင်ပြီး ဩဇာ ထူထောင်ဖို့ ကြိုးစားနေပြီလို့လည်း တရုတ်က ယုံကြည်ခဲ့ဟန် ရှိပါတယ်။

 တရုတ်ကို စိတ်ပူစေတဲ့ အဓိက အလှည့်အပြောင်း နှစ်ခု ရှိခဲ့ပါတယ်။ မနှစ်တုန်းက အမေရိကန်ရဲ့ ဥပဒေ သတ်မှတ်ချက် အသစ်တခုအရ NUGကို ဝါရှင်တန်မှာ တရားဝင် ရုံးခန်းဖွင့်လှစ်ခွင့် ပေးခဲ့ပါတယ်။ တကယ်တမ်းကျတော့ အဲဒီ အခြေအနေအပြင် မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ မူဝါဒပိုင်းက ထင်သာမြင်သာ အပြောင်းအလဲ မရှိခဲ့ပါဘူး။ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အက်ဥပဒေအရ အမေရိကန်ရဲ့ အဓိက ရည်မှန်းချက်ကတော့ အာဏာသိမ်းမှုကို ပြန်လည် ရုပ်သိမ်းနိုင်စေဖို့နဲ့ တော်လှန်ရေး အင်အားစုတွေဆီ လက်နက်မဟုတ်တဲ့ အထောက်အပံ့တွေ (အများစုက ဆက်သွယ်ရေး ကိရိယာတွေ) ပေးပို့ဖို့သာ ဖြစ်ပါတယ်။ အဲဒီ ဥပဒေမှာ တော်လှန်ရေးအတွက် လက်နက်တွေ ထောက်ပံ့ဖို့၊ မြန်မာ စစ်တပ်ရဲ့ ပင်မဝင်ငွေ လမ်းကြောင်းဖြစ်တဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ တင်ပို့မှုတွေကို အရေးယူ ပိတ်ဆို့ဖို့ ဆိုတာတွေ ဘာမှ မပါခဲ့ပါဘူး။ ပြောရမယ်ဆိုရင် လက်နက်မဟုတ်တဲ့ အထောက်အပံ့တွေ ပေးပို့ပါတယ်ဆိုတဲ့ ကိစ္စမှာတောင် အထစ်ထစ် အငေါ့ငေါ့တွေ ဖြစ်နေပါတယ်။

 ရုရှားရဲ့ ကျူးကျော်စစ်ကို တုံ့ပြန် တွန်းလှန်နေတဲ့ ယူကရိန်းအတွက် အမေရိကန်က ကူညီ ထောက်ပံ့ပေးနေတာတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် မြန်မာ့ တော်လှန်ရေး အင်အားစုတွေအတွက် အမေရိကန် ပံ့ပိုးပေးနေတာတွေက တခုပ်တရ ပြောပလောက်စရာ မဟုတ်ပါဘူး။ လက်တွေ့ ဘာအကူအညီမှ ပေးမနေဘူးလို့တောင် သတ်မှတ်လို့ ရပါတယ်။ ဝါရှင်တန်မှာ NUG ရုံးဖွင့်ခွင့် ရတယ်ဆိုတာက တော်လှန်ရေးနဲ့ ပတ်သက်လို့ ထောက်ခံ အားပေးမှုတွေကို ပိုမို မြှင့်တင်နိုင်ဖို့၊ စုစည်းပေးဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ အဲဒီ ရည်မှန်းချက်တွေ အောင်မြင်နိုင်ခြေ ဘယ်လောက်ထိ များသလဲ ဆိုတာကတော့ သီးခြားမေးခွန်း တခုသာ ဖြစ်ပါတယ်။

 တဖက်မှာတော့ စစ်အာဏာရှင်တွေဖက်က ခြေစုံပစ်ပြီး ဝင်ရပ်လိုက်တဲ့ တရုတ်ရဲ့ တုံ့ပြန်မှုကတော့ ပိုပြီး အားပါနေတာကို တွေ့ရပါတယ်။ စစ်ခေါင်းဆောင်တွေနဲ့ ၂ နှစ်လောက် ဖက်လှဲတကင်း မဆက်ဆံဘဲ ရှောင်ဖယ်နေခဲ့တဲ့ လုပ်ထုံးလုပ်နည်းကို တရုတ်က စွန့်ပယ်လိုက်ပါတယ်။ မေလမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်ဟာ မင်းအောင်လှိုင်နဲ့ လူချင်းတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး ရည်မှန်းချက်တွေကို ဖွဲ့စည်းပုံ ဥပဒေတွေ၊ တရားဥပဒေတွေနဲ့အညီ တရုတ်က ကူညီ ပံ့ပိုးသွားပါ့မယ်လို့ အတိအလင်း ကြေညာခဲ့ပါတယ်။ သံတမန်ဆန်ဆန် သုံးနှုန်းထားပေမယ့် အဓိပ္ပါယ်ကတော့ စစ်ကောင်စီကိုပဲ ထောက်ခံတော့မယ်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။

 နှစ်ဆန်းပိုင်းမှာ အာဏာသိမ်း စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားပြုပါတီ NLDကို ပိတ်ပင် တားဆီးလိုက်ပါတယ်။ ဒီလုပ်ရပ်မျိုးဟာ တရုတ်ရဲ့ လိုက်လျော လက်ခံမှု မပါဘဲ ဖြစ်မြောက်မလာနိုင်ဘူးလို့ ယူဆရမှာပါ။ အတွင်းလူတွေရဲ့ အဆိုအရ တရုတ်အစိုးရရဲ့ ကိုယ်စားလှယ်တွေဟာ တော်လှန်ရေး အင်အားစုတွေကိုတောင် အနောက်နိုင်ငံတွေနဲ့ သိပ်ပြီး နီးနီးကပ်ကပ် မဆက်ဆံဖို့ သတိပေးခဲ့သေးကြောင်း သိရပါတယ်။

 တရုတ် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွမ်ကလည်း ထိုးစစ်ဖွင့်တဲ့ ဗျူဟာနဲ့ ပြောင်းလဲ ချဉ်းကပ်လာတယ်။ တိန့်ဟာ မြန်မာ စစ်ခေါင်းဆောင်တွေ၊ EAO တချို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ ဆက်တိုက် အကောင်အထည်ဖော်ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေ ဖော်ဆောင်နိုင်အောင် ဖိအားပေးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီ ရလဒ်မျိုးသာ တကယ်ထွက်ပေါ်လာရင် စစ်ပန်းနေတဲ့ အာဏာသိမ်း စစ်တပ်အတွက် အကျိုးကျေးဇူး ကြီးကြီးမားမား ရရှိစေမှာဖြစ်ပြီး တော်လှန်ရေး အတွက်ကတော့ နစ်နာမှာပါ။ နောက်ပြီး တရုတ်နဲ့ ရင်းနှီးတဲ့ EAOတွေကသာ စစ်တပ်နဲ့ အပစ်ရပ်သွားမယ်ဆိုရင် အဲဒီ EAOတွေအပေါ်မှာ လေ့ကျင့်မှု၊ စစ်လက်နက်၊ လူအင်အားစတဲ့ အထောက်အပံ့တွေအတွက် မှီခိုနေရတဲ့ တော်လှန်ရေး မဟာမိတ်တွေကို အကြီးအကျယ် အကျပ်ရိုက်သွားစေနိုင်ပါတယ်။ တော်လှန်ရေး အင်အားစုတွေ အသုံးပြုတဲ့ထဲမှာ တရုတ်လုပ် လက်နက်တွေ၊ ဒါမှမဟုတ် တရုတ်လုပ် အစိတ်အပိုင်းတွေနဲ့ တည်ဆောက်ထားတဲ့ စစ်လက်နက်တွေက ရာခိုင်နှုန်း တော်တော်များများ ပါဝင်နေပါတယ်။ နောက်ပြီး တရုတ် ကျောထောက်နောက်ခံ ပေးထားတဲ့ EAOတွေနဲ့ စစ်ဖြစ်နေစရာ မလိုတော့ရင် စစ်တပ်အတွက် အာရုံစိုက်ရမယ့် စစ်ရေး မျက်နှာစာတွေ ကျဉ်းသွားပါလိမ့်မယ်။ အနယ်နယ် အရပ်ရပ်ကို ဖြန့်ကျက်ထားရတဲ့ တပ်တွေကိုလည်း အရမ်းအရေးကြီးတဲ့ နယ်မြေတွေဆီ စုရုံး ပို့ဆောင်နိုင်လာဦးမှာပါ။ ဒီအနေအထားက စစ်ဗိုလ်ချုပ်တွေကို ရဲဆေးတင်ပေးနေပြီး သူတို့ ဆက်လက် ရှင်သန်နိုင်မယ် ဆိုတာကို ယုံကြည်စိတ် အပြည့်နဲ့ ဆက်လက် တိုက်ပွဲဝင်နေစေပါတယ်။

 မြန်မာ့အရေးမှာ တရုတ်ရဲ့ လမ်းကြောင်းအသစ် ရွေးချယ်မှုက စစ်အေးကာလ ပဋိပက္ခတွေအတွင်း အရှေ့တောင်အာရှမှာ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့ကို ချဉ်းကပ်ခဲ့တဲ့ ပုံစံတွေကို အမှတ်ရစေပါတယ်။ အဲဒီတုန်းကလည်း ပြည်တွင်းက ပြိုင်ဘက် အင်အားစုတွေဟာ စူပါပါဝါ နိုင်ငံတွေဆီက ထောက်ပံ့ ကူညီမှုတွေ ရရှိဖို့ အပြိုင် အားထုတ်ခဲ့ကြဖူးတယ်။ ပြီးတော့ သူတို့ရဲ့ ကြိုးစားမှု အများစုကလည်း အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပြီး အကြောင်းကတော့ စူပါပါဝါ နိုင်ငံကြီးတွေက ဒေသတွင်းမှာ ထိထိရောက်ရောက် တခုခု မလုပ်ရင် ပြိုင်ဘက်သာ အသာစီး ယူသွားမှာကို တွေးတော ကြောက်ရွံ့ကြလို့ ဖြစ်ပါတယ်။

 လက်ရှိကာလ မြန်မာနိုင်ငံ အခြေအနေကလည်း အဲဒီပုံစံတွေနဲ့ သိပ်မကွဲပြားတော့ပါဘူး။ တရုတ်နဲ့ သူ့ပြိုင်ဘက်တွေ၊ အထူးသဖြင့် အမေရိကန်နဲ့ အိန္ဒိယကို ဦးတည် ပြိုင်ဆိုင်နေတာတွေက အင်ဒို-ပစိဖိတ် ဒေသရဲ့ ပြည်တွင်း နိုင်ငံရေး မူဝါဒတွေအပေါ် အပြောင်းအလဲတွေ သက်ရောက်လာစေပါတယ်။ နိုင်ငံရေး မဏ္ဍိုင်တွေမှာ ပါဝင်တဲ့သူ အများအပြားဟာ မဖြစ်မနေ တဖက်ဖက်ကို ရွေးချယ်ရတဲ့ အကြောင်းမျိုး ဖန်လာကြပါတယ်။ မော်လ်ဒိုက်ဗ်စ်နဲ့ သီရိလင်္ကာတို့ဆိုရင် တရုတ်နဲ့ အိန္ဒိယတို့​ကြား ပထဝီဝင် နိုင်ငံရေး လွန်ဆွဲမှုတွေကြားမှာ နှစ်တွေ အတော်ကြာအောင် ညပ်နေခဲ့ဖူးတယ်။ အရှေ့တောင် အာရှနဲ့ သမုဒ္ဒရာပိုင်း ဒေသတွင်း နိုင်ငံတွေမှာ တရုတ်ရဲ့ လွှမ်းမိုးနိုင်စွမ်းကို အလေးထားရမလား၊ ဒေသတွင်းမှာ တရုတ်ရဲ့ တစထက်တစ ကြီးထွားလာတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ငြင်းဆန်ရမလားဆိုတဲ့ ဒွိဟ အတွေးအမြင်တွေက နိုင်ငံရေး မူဝါဒ ရွေးချယ်မှုတွေမှာ အချက်ပြ သင်္ကေတတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာလိုမျိုး လက်နက်ကိုင် ပဋိပက္ခတွေ ကြီးစိုးနေတဲ့ နေရာမှာတော့ တရုတ်ရဲ့ ပိုမို ထဲထဲဝင်ဝင် စွက်ဖက်မှုတွေက ရေရှည် ထိခိုက် နစ်နာမှုတွေကို ကြီးထွားလာစေနိုင်သလို ပါဝါ အားပြိုင်မှုတွေ ပိုတင်းမာလာမယ့် ခြိမ်းခြောက်မှုတွေတော့ ရှိနေပါတယ်။

 တရုတ်-အမေရိကန် ဆက်ဆံရေး အခြေအနေတွေရယ်၊ မြန်မာ့ ပြည်တွင်းစစ်ရဲ့ သဘောတရားရေးရာ ရှုထောင့်ပေါင်းစုံရယ်ကို အခြေခံ သုံးသပ်မယ်ဆိုရင် လက်ရှိ စစ်ခင်းနေတဲ့ အင်အားစုတွေဟာ ပိုမို ရှုပ်ထွေးတဲ့ ပထဝီဝင် နိုင်ငံရေး အားပြိုင်မှုတွေထဲမှာ မလူးသာ မလွန့်သာ ငြိတွယ်လာကြမယ့် သဘောပါပဲ။ ဒီနေရာမှာ တရုတ်ရဲ့ စိတ်တိုင်းကျ ဝင်ကစားမှုကို ဘယ်လောက်ထိ တန်ပြန် ဟန့်တားနိုင်မလဲ ဆိုတာကို ဒေသတွင်း အင်အားစုတွေကပါ အဖြေထုတ်ပေးဖို့တော့ လိုပါတယ်။ အာဆီယံကတော့ လောလောဆယ် စွမ်းဆောင်ရည် အင်မတန် ညံ့နေဆဲပါ။ အာဆီယံရဲ့ ကြားဝင် မစွက်ရေးမူကို အလွန်အကျွံ ဆုပ်ကိုင်နေခြင်းကိုက မြန်မာ စစ်အာဏာရှင်တွေကို ထိထိရောက်ရောက် ဖိအားပေးဖို့ မစွမ်းသာတော့ဘူးဆိုတာ ထင်ထင်ရှားရှား သက်သေပြပြီး စြ်နေပါတယ်။ ၂၀၂၁ ခုနှစ်မှာ အာဆီယံက မြန်မာ့ အကျပ်အတည်းကို သံတမန်ရေးနဲ့ ဖြေရှင်းဖို့ ရှေ့ဆောင်လမ်းပြ လှုပ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။ မြန်မာ့အရေး ပြေလည်စေမယ့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဆိုတာက အပြောသာရှိပြီး လက်တွေ့ အကောင်အထည် ဖော်မှုက ဘာဆိုဘာမှ မရှိသလောက်ပါပဲ။ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားကလည်း နောက်ကွယ်ကနေ စေ့စပ် ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီး အားထုတ် ကြိုးစားနေတာ မှန်သမျှကလည်း တိုးတက်မှု ဘာမှ မရှိသေးပုံပါပဲ။

 ဘူးလေးရာ ဖရုံဆင့် ဆိုသလို အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲက အာဏာရှင်ဆန်ဆန် အုပ်စိုးတဲ့ အစိုးရ တချို့ဟာ အပယ်ခံ မြန်မာ စစ်ခေါင်းဆောင်တွေကို အာဆီယံ အသိုက်အဝန်းထဲ ပြန်ဆွဲထည့်ချင်တဲ့ အရိပ်အယောင်တွေ အထင်အရှား ပြသလာပါတယ်။ အဲဒီထဲမှာ ထိုင်းနဲ့ လာအိုတို့လည်း အပါအဝင်ပါ။ လာအိုဟာ လာမယ့်နှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

 သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပေါ်ထွန်းရေး ဆိုတာကို မမောနိုင် မပန်းနိုင် တဖွဖွ ပြောနေတဲ့ အာဆီယံ အဖွဲ့ဝင်တွေနဲ့ တခြားနိုင်ငံတွေဟာ လက်တွေ့ အချက်အလက်တွေကို ရင်ဆိုင်သင့်နေပါပြီ။ ပထမဆုံး အနေနဲ့ မြန်မာ စစ်တပ်ဟာ အကြမ်းဖက်ဖို့ ရည်ရွယ်ပြီး သေသေချာချာ တည်ဆောက်ထားတဲ့၊ ပျိုးထောင်ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရာစုနှစ် တခုရဲ့ လေးပုံသုံးပုံလောက် ကာလကို သူတို့ရဲ့ ဖျက်ဆီးအားတွေနဲ့ မျိုးစုံ ဒုက္ခပေးထားပြီးပါပြီ။ ဒုတိယ အချက်ကတော့ စစ်တပ်ဟာ သူတို့ရဲ့ အဓိက ကျွမ်းကျင်မှု ဖြစ်ရမယ့် စစ်ပွဲကို နိုင်အောင်တိုက်ဖို့လည်း မစွမ်းဆောင်နိုင်တော့ပါဘူး။ ကျေးလက်နဲ့ နယ်စွန်နယ်ဖျား ဧရိယာတွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့တာ၊ EAOတွေကို မယှဉ်သာတော့တာ၊ လက်နက်အင်အား သာလွန်တာကလွဲရင် ပြည်သူလူထုရဲ့ ထောက်ခံမှုကို မရတော့တာတွေ အားလုံးက စစ်တပ်ရဲ့ ချိနဲ့မှုကို မြင်သာစေပါတယ်။ နိုင်ငံမှာ ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် ထူထောင်ချင်တယ်ဆိုရင် အဲဒီ အဖွဲ့အစည်းမျိုးကို ဖယ်ထုတ်လိုက်မှ ရပါလိမ့်မယ်။ အာဆီယံနဲ့ တခြားနိုင်ငံတွေရဲ့ သံတမန်ရေး အားထုတ်မှုတိုင်းဟာ ဒီအရှိတရားကို ထင်ဟပ်နေစေဖို့လည်း အရေးကြီးပါတယ်။ ၂၀၁၉ တုန်းက အရပ်သား အစိုးရဆီ အာဏာလွှဲပေးဖို့ ပျက်ကွက်ခဲ့တဲ့ ဆူဒန် စစ်တပ်ကို အရေးယူတဲ့ အနေနဲ့ ဝိုင်းကြဉ်ခဲ့ကြတဲ့ အာဖရိက သမဂ္ဂကို အာဆီယံ အနေနဲ့ အတုယူဖို့ လိုပါတယ်။

 နောက်ဆုံး တချက်ကတော့ အာဆီယံဟာ စူပါပါဝါ နှစ်နိုင်ငံလုံးရဲ့ မျက်နှာကို ကြည့်ပြီး နှစ်ဖက်စလုံးနဲ့ သင့်သင့်မြတ်မြတ် ပေါင်းသင်းနိုင်အောင် ကြိုးစား ရပ်တည်ချင်တဲ့ သူတို့ရဲ့ ခေတ်နောက်ကျနေတဲ့ မူဝါဒကို စွန့်စားပြီး ဖယ်ခွာသင့်နေပါပြီ။ တရုတ်က အတိအလင်း ရန်လိုတဲ့ သဘောထားမျိုးနဲ့ တောင်တရုတ်ပင်လယ်မှာ ပိုင်နက်ချဲ့ထွင်လာတဲ့အခါ အာဆီယံရဲ့ အဲဒီ သဘောထားက ဘာမှ အလုပ်မဖြစ်တော့ဘူးဆိုတာ အကောင်းဆုံး သက်သေပါပဲ။ မြန်မာ့ အရေးနဲ့ ပတ်သက်ရင် အာဆီယံဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တချို့ကို ရွေးချယ်သင့်ပါပြီ။ ခြံစည်းရိုး ခွထိုင်နေတာကို ရပ်သင့်နေပါပြီ။

 တရုတ်ရဲ့ သံတမန်ရေးရာ အားထုတ်မှုတွေ ဆိုတာက စစ်အာဏာရှင်တွေကို သိဒ္ဓိတင်ပေးဖို့သာဖြစ်ပြီး အောင်မြင်သွားပြီဆိုရင် တရုတ်က လိုသလို ခြယ်လှယ် ပြင်ဆင်ချင်တဲ့ ပထဝီဝင် နိုင်ငံရေး ရည်မှန်းချက်တွေကို လက်ညှိုးထောင် ခေါင်းညှိတ် ထောက်ခံမယ့် အစိုးရတခု ခိုင်မာသွားတာမျိုးသာ ဖြစ်လာပါလိမ့်မယ်။ အာဆီယံထဲမှာ အမေရိကန်၊ ဒါမှမဟုတ် တရုတ်ဖက်ကို အပြည့်အဝ ယိမ်းတဲ့ နိုင်ငံမျိုး ထပ်ပြီး ပေါ်ထွန်းမလာစေချင်တဲ့ အစိုးရတွေ အတွက်တော့ ဒီကိစ္စက လိုလားချင်စရာ မရှိတဲ့ ရလဒ်ပါပဲ။

 အမေရိကန် အနေနဲ့လည်း မြန်မာ့အရေးဟာ မဟာဗျူဟာ ရှုထောင့်အရ အရေးမကြီးပါဘူးလို့ သတ်မှတ်ပြီး မျက်ကွယ်ပြုထားတာမျိုး ဆက်မလုပ်သင့်တော့ပါဘူး။ အရှေ့တောင်အာရှနဲ့ တောင်အာရှ ရပ်ဝန်းတွေ စုဆုံရာ နေရာမှာ တည်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ပထဝီဝင် အနေအထားအရ ဒီနိုင်ငံရဲ့ တည်ငြိမ် အေးချမ်းမှုဟာ ပိုမိုကျယ်ပြန့်တဲ့ ဒေသကြီးတွေ အတွက်ပါ အရေးကြီးပါတယ်။ ပထမဆုံး အဆင့်မှာ အမေရိကန်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပိုပြီး အာရုံစိုက်သင့်ပါပြီ။ မြန်မာနိုင်ငံ ဆိုင်ရာ အက်ဥပဒေကို အကောင်အထည်ဖော်ဖို့ ထဲထဲဝင်ဝင် ကြိုးစား အားထုတ်ပြီး မဟာမိတ်တွေ၊ လက်တွဲဖော် နိုင်ငံတွေကိုလည်း သူတို့ရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ ပြင်ဆင် ပြောင်းလဲလာဖို့ ညှိနှိုင်း ဆွဲဆောင်ရပါမယ်။ နောက်ပြီး မြန်မာ့ ပြည်တွင်းစစ်မှာ ဝင်စွက်ဖက်တာဟာ တရုတ်နဲ့ ဘာအကျိုးအမြတ်မှ မရှိဘဲ ယှဉ်ပြိုင်နေတာမျိုးလို့ အမေရိကန် အစိုးရက မယူဆသင့်ပါဘူး။ တကယ်တော့ မြန်မာနိုင်ငံရဲ့ ပထဝီဝင် အနေအထား ဖြန့်ကျက်ထားမှုအရ တရုတ်ရဲ့ အကျိုးစီးပွားတွေ၊ စီမံကိန်းတွေ အများကြီးအတွက် အသုံးဝင်နေတာကြောင့်ပါ။

 အမေရိကန် အနေနဲ့ နောက်ထပ် လုပ်ဆောင်နိုင်တာ တခုကတော့ မြန်မာ့အရေး မူဝါဒနဲ့ ပတ်သက်ရင် တရုတ်နဲ့ ညှိနှိုင်းနှီးနှောဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအပိုင်းမှာတော့ အမေရိကန် အရာရှိတွေဟာ တရုတ် ခေါင်းဆောင်တွေနဲ့ လက်တွေ့ကျကျ ချိတ်ဆက် တိုင်ပင်ဖို့ လိုပါတယ်။ ဒေသတွင်းမှာ တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်ဖို့ အမေရိကန်ရော၊ တရုတ်ကပါ တူညီတဲ့ လိုလားမှုမျိုး ရှိမယ်ဆိုရင် စစ်ခေါင်းဆောင်တွေ ပြုတ်သွားဖို့ လိုပါတယ်။ သေချာတာကတော့ စစ်ပွဲမှာ နိုင်ခြေ လုံးဝ မရှိတော့ပါဘူးလို့ လက်ခံတော့မှသာ မြန်မာစစ်တပ်က ငြိမ်းချမ်းရေးကို ညှိနှိုင်းရေး လမ်းကြောင်းကနေ ချဉ်းကပ်လာမှာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ အမေရိကန်ရဲ့ မြန်မာ့အရေး အက်ဥပဒေ ဆိုတာက တရုတ်အတွက် သတိထားရမယ့် ခြိမ်းခြောက်မှုမျိုး မဟုတ်သေးတဲ့အပြင် တရုတ်လိုလားတဲ့ ရည်မှန်းချက်တွေနဲ့တောင် တနည်းတဖုံ ဆက်နွှယ်နေပါသေးတယ်။

 တရုတ်က စဉ်းစားရမှာ တချက်ကတော့ စစ်ခေါင်းဆောင်တွေအပေါ် ပြည်သူလူထုရဲ့ ထောက်ခံမှု လုံးဝ ကင်းမဲ့နေခြင်းပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ မြန်မာစစ်တပ်ကို ရေရှည် လက်တွဲဖို့ ဆိုတာက စွန့်စားရလွန်းပါတယ်။

 အာဆီယံ အသိုက်အဝန်းထဲက အရှေ့တောင်အာရှ နိုင်ငံတွေကတော့ ဒေသတွင်းမှာ အက်ကြောင်းတွေထင်ပြီး စစ်အေးခေတ် အရှိန်အဟုန်မျိုးတွေ ပြန်လည် ရိုက်ခတ်လာမှာကို စိုးရိမ်ပါလိမ့်မယ်။ ကြားဝင် မစွက်ရေး မူဝါဒနဲ့ ဘုံသဘောတူညီချက် ၅ ရပ်တို့လို လက်တွေ့ အလုပ်မဖြစ်တော့တဲ့ ပုံသေကားချပ် နည်းလမ်းတွေနဲ့ ပတ်သက်လို့တော့ ပြန်သုံးသပ်ရတော့မှာပါ။ လောလောလတ်လတ် အနေနဲ့ ထိုင်းအစိုးရဟာ အာဏာသိမ်း မြန်မာ စစ်ဗိုလ်ချုပ်တွေကို လူရာပြန်သွင်းဖို့ ရှေ့ဆောင်လမ်းပြ လော်ဘီလုပ်နေပါတယ်။ ဒါဟာ အင်မတန် မှားယွင်းတဲ့ ချဉ်းကပ်မှုဖြစ်ပြီး အာဏာရူး စစ်ခေါင်းဆောင်တွေက သူတို့ဟာ နိုင်ငံအာဏာကို ရေရှည် ဆက်ထိန်းထားနိုင်ဦးမယ်ဆိုတဲ့ အတုအယောင် ယုံကြည်မှုကြီးထဲမှာ ပိတ်မိနေစေမှာ ဖြစ်ပါတယ်။

 အဲဒီအစား ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံ ဖြေရှင်းရမယ့် နည်းလမ်းက တခုတည်းသာ ရှိပါတယ်။ အဲဒါကတော့ မတည်ငြိမ်မှုတွေ အားလုံးရဲ့ အဓိက၊ အခြေခံ၊ မူလရင်းမြစ်၊ ဘူမိနက်သန် လက်သည်တရားခံ စစ်ခေါင်းဆောင်တွေကို အပြီးတိုင် ဖယ်ရှားလိုက်ဖို့ပါပဲ။

 (Foreign Affairs တွင် ဦးရဲမျိုးဟိန်းနှင့် လူးကက်စ်မိုင်ယာစ်တို့ ရေးသားထားသည့် Is Myanmar the Frontline of a New Cold War ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)