လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားကို ကိုးကန့်တပ် MNDAA က ဆန္ဒအတိုင်း နေရပ်ပြန်ခွင့်ပြုခဲ့တယ်လို့ဆို

ဇွန်၊ ၂၃
 
ကိုးကန့်လက်နက်ကိုင်တပ်အဖွဲ့ အဖြစ် လူသိများတဲ့ MNDAA တပ်ဖွဲ့ဆီ လောက်ကိုင်ဒေသ အခြေစိုက် ခလရ ၁၂၈ က စစ်ကောင်စီတပ်သားတဦး အခုလအတွင်း လက်နက်ချခဲ့တယ်လို့ MNDAA ရဲ့ ပြန်ကြားရေးစာမျက်နှာဖြစ်တဲ့ The Kokang က ဒီကနေ့ ဖော်ပြပါတယ်။
 
အဲ့ဒီစစ်ကောင်စီတပ်သားဟာ ကိုးကန့်ဒေသ အနောက်တောင်တန်းတွေမှ စခန်းချထားတဲ့ MNDAA တပ်ဖွဲ့ဆီ ဇွန် လ ၁၅ ရက်က လက်နက်ချခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ တောင်းဆိုချက်အတိုင်း နေရပ်ပြန်ခွင့်ပြုလိုက်ကာ လူသားချင်းစာနာမှု အကူအညီအနေနဲ့ ယွမ်ငါးရာ ထောက်ပံ့လိုက်တယ်လို့ ဆိုပါတယ်။
 
လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်သား အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လအတွင်းကမှ စစ်ကောင်စီ တပ်သားအဖြစ် အဓမ္မစုဆောင်းခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီတပ်ကို စွန့်ခွာဖို့ကြိုးစားခဲ့တာကြောင့် ရိုက်နှက်ခြိမ်းခြောက်မှုတွေ ခံခဲ့ရကြောင်း ထွက်ဆိုခဲ့တယ်လို့ The Kokang က ဖော်ပြထားပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လက်ရှိမှာ အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းမှုတွေ လုပ်နေပြီး အရာရှိတွေနဲ့ လက်အောက်ခံတပ်သားတွေကြား ဆက်ဆံရေးဆိုးရွာနေကြောင်း လက်နက်ချခဲ့သူက ပြောတယ်လို့လည်း ဆိုပါတယ်။
 
အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ MNDAA တပ်ဖွဲ့ဆီ လက်နက်နဲ့အတူ ခိုလှုံခဲ့တာ ဟုတ်မဟုတ်ဆိုတာတော့ ဖော်ပြမထားပါဘူး။
 
၂၀၂၁ခုနှစ်မှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တာ၊ ရှေ့တန်း စစ်မြေပြင်တွေကနေ နွေဦးတော်လှန်ရေး တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဆီ လက််နက်ချတာမျိုးတွေ ဆက်တိုက်ရှိနေခဲ့တာပါ။
 
အာဏာသိမ်းပြီးနောက် CDM ဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သား ၃၂၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၂၀၀၀ ကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောထားပါတယ်။
ဒါပေမယ့် နောက်ပိုင်းကာလတွေမှာ စစ်ကောင်စီက တပ်တွင်းစည်းကမ်းတွေ ပိုမိုတင်းကြပ်လိုက်တာကြောင့် စစ်ကောင်စီကို စွန့်ခွာလာတဲ့ စစ်သားနဲ့ ရဲအရေအတွက် လျော့ကျလာတယ်လို့ CDM စစ်သားတွေက ပြောကြပါတယ်။
 
ဓာတ်ပုံ​ – The Kokang