ကျွန်းလှနဲ့ ကန့်ဘလူမှာ ပျူစောထီးတွေက အရပ်သား သုံးဆယ်ကျော်ကို အဓမ္မလူသစ်စုဆောင်း

ဇွန်၊ ၂၃
 
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ အရပ်ဝတ်လက်နက်ကိုင် ပျူစောထီး တွေဟာ အရပ်သား ၃၂ ဦးကို အဓမ္မလူသစ်စုဆောင်းခဲ့တယ်လို့ ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
 
“ မနေ့က ကျွန်းလှအပိုင် လယ်လှရွာမှာ ညနေ ၃ နာရီခွဲလောက်မှာပဲ ဒေသခံ ရွာသားတွေကို ပျူစောထီး သင်တန်း တက်ဖို့ မဲနှိုက်ခိုင်းတယ်၊ အဲ့ထဲကနေ ၁၂ ယောက် မဲပေါက်တယ်၊ အိမ်ထောင်စု သုံးရာထဲကပေါ့၊ ပေါက်တဲ့သူတွေကလဲ ငိုတဲ့သူက ငို၊ မေ့လဲတဲ့သူက မေ့လဲပေါ့၊ သူတို့ မတက်ချင်ဘဲနဲ့ တက်ရတာလေ၊ ငွေကတော့ မပေးနိုင်ဘူးပေါ့၊ သိန်း ငါးဆယ်လောက် တောင်းတာလေ၊ အများစုက လယ်လုပ်ကြတာဆိုတော့ အဲ့လောက်လည်း မတက်နိုင်ကြဘူးပေါ့ ” လို့ ကျွန်းလှဒေသခံတဦးက ပြောပါတယ်။
 
ပျူစောထီးတွေရဲ့ အဓမ္မ အကြပ်ကိုင် ခြိမ်းခြောက်ဖိအားပေး မဲနှိုက်ခိုင်းမှုကြောင့် ကျွန်းလှမြို့နယ် လယ်လှရွာမှ ၁၂ ဦး၊ တင်းတိမ်ရန်ရွာမှ ရှစ် ဦး၊ မြနှင်းကုန်းရွာမှ နှစ်ဦး၊ အင်းကောင်းရွာမှ ငါး ဦးနဲ့ ကန့်ဘလူမြို့နယ်အတွင်းက ပိုးဇာရွာမှာလဲ ငါး ဦး စုစုပေါင်း ၃၂ ဦး ပျူစောထီးသင်တန်းတက်ရောက်ဖို့ အဓမ္မ မဲနှိုက်ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။
 
အဲ့ဒီလို ရွေးချယ်ခံရသူတွေကို ဘယ်နေရာမှာ၊ ဘယ်လိုသင်တန်းပေးမယ် စတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
 
အာဏာသိမ်းစစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲဖို့ ဖွဲ့စည်းထားတဲ့ ပျူစောထီးအဖွဲ့ဟာ အရပ်သားတွေ သင်တန်းတက်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူး တွေနဲ့ ပေါင်းပြီး တအိမ်ထောင်မှာ တမဲနှုန်းနဲ့ မဲနှိုက်ခိုင်းကာ အဓမ္မ သင်တန်းတက်ခိုင်းတာတွေ ပြုလုပ်နေတာပါ။
 
” ကျွန်းလှမှာတော့ လယ်လှရွာက ပျူစောထီးသင်တန်း မတက်တဲ့ အိမ်ထောင်စုတွေကို တလ တသိန်း ကောက်နေတယ်၊ အဲ့ဒီဟာကလဲ သူတို့ဘာသာ သူတို့ ဒီလ ၂၂ ရက်နေ့ကပဲ တအိမ်ထောင်ကို တယောက် မဖြစ်မနေ ပျူစောထီးသင်တန်း တက်ရမယ်လို့ စည်းကမ်းထုတ်လိုက်တာ ” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
ပျူစောထီးတွေက သင်တန်းတက်ဖို့ မဲမပေါက်တဲ့ အိမ်ထောင်စုတွေကိုလည်း တအိမ်ထောင်ကို တလမှာ တသိန်းကျပ်နှုန်းနဲ့ ငွေကြေးကောက်ခံတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
 
ဒါ့အပြင် ကန့်ဘလူမြို့နယ် ရေကြည်ရွာ စာသင်ကျောင်းမှာ ဒီကနေ့ပြုလုပ်မယ့် ပျူစောထီး အစည်းအဝေးကို ရေကြည်၊ အုတ်ဖို၊ ခင်သာနဲ့ အုန်းတောရွာမှ ဒေသခံတွေကို တအိမ်ထောင်မှာ တဦးကျ မဖြစ်မနေ တက်ရောက်ခိုင်းနေပြီး မတက်ရောက်သူတွေကို ငွေကျပ် တသောင်း ပေးဆောင်ရမယ်လို့ ခြိမ်းခြောက်အကြပ်ကိုင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
 
စစ်တပ်က အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ်၊ သြဂုတ်လလောက်ကစပြီး စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည် စတဲ့ မြို့တွေမှာ စစ်ကောင်စီကို ဆန့်ကျင်သူတွေကို နှိမ်နင်းဖို့ ရည်ရွည်ပြီး ဘုန်းတော်ကြီး ဦးဝါသဝ ဦးဆောင်ကာ ပျူစောထီးတွေကို ဖွဲ့စည်းခဲ့တာပါ။
 
ပျူစောထီးတွေ နဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး အခုရက်ပိုင်းအတွင်းမှာပဲ ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အတွင်းက ရွာတွေကို ပျူစောထီးသင်တန်း တက်ဖို့ လိုက်လံလှုံ့ဆော်တာတွေ မတက်ရာက်နိုင်သူတွေကို ငွေ‌ကြေး ခြိမ်းခြောက်တောင်းခံတာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်လာနေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
 
” အဲ့ထဲမှာ ကန့်ဘလူထဲက ရွာတွေရယ် ကျွန်းလှထဲက ရွာတွေရယ် ပါတာပေါ့၊ ဒီဖက်မှာလည်း ပျူစောထီးအင်အားက များတယ်လေ၊ မဲပေါက်တဲ့သူတွေကတော့ သင်တန်းမတက်မနေရ တက်ရတယ်၊ အားချင်းပဲ မဲပေါက်ရင်ခေါ်သွားတာပေါ့၊ ငွေကြေးတက်နိုင်တဲ့ သူတွေကတော့ သင်တန်းမတက်နိုင်ရင် သူတို့တောင်းသလောက် ပေးရတာပဲ ” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ကန့်ဘလူနယ်က ပျူစောထီးခေါင်းဆောင်းအဖြစ်လူသိများတဲ့ ဘုန်းကြီးဝါသဝနဲ့ပျူစောထီးအဖွဲ့ဝင်တွေကို တွေ့ရစဥ်။