ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီး နှစ်ပတ်အတွင်း ပစ်သတ်ခံရသူနဲ့ စစ်ရှောင်ရင်းသေဆုံးသူ ၁၅ ဦးထက်မနည်းရှိ

ဇွန်၊ ၂၃
 
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်က ညောင်ပင်ကြီးရွာ ရဲစခန်း ကို တော်လှန်ရေးအဖွဲ့ တွေက ဇွန်လ ၉ ရက်က တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်ချက်နဲ့ ပစ်သတ်ခံရသူနဲ့ စစ်ရှောင်ရင်း သေဆုံးသူ ၁၅ ဦးထက်မနည်း ရှိလာတယ်လို့ စုံစမ်းသိရပါတယ်။
 
” အားလုံးပေါင်း စစ်ရှောင်ရောဆို ၁၈ ယောက်ရှိပြီပေါ့။ သေဆုံးသူ အရေအတွက်က ပိုတိုးလာနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ အလောင်းတွေက သူတို့ မီးရှို့ပစ်နေတာလဲရှိတော့ တိုးလာဖို့ပဲရှိတယ်။ စာရင်းမချုပ်နိုင်သေးဘူး ” လို့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်း တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
တော်လှန်ရေးအင်အားစုတွေက ညောင်ပင်ကြီးရွာ ရဲစခန်း ကို ဒီလ ၉ ရက်က တိုက်ခိုက်ခဲ့ရာမှာ ရဲစခန်း မီးရှို့ဖျက်ဆီးခံရပြီး အကျအဆုံးများခဲ့သလို လက်နက်ခဲယမ်းတွေ ဆုံးရှုံခဲ့တာလည်း ရှိပြီးနောက် အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတာပါ။
 
” အခု အဲ့ဒီညောင်ပင်ကြီး စခန်းအနားနဲ့ ညောင်ပင်ကြီးအနားက ရွာတွေကို ဆက်ပြီး စစ်ကြောင်းထိုးနေတယ်၊ လူမြင်တာနဲ့ ပစ်နေတာ၊ အခုလက်ရှိအချိန်အထိတော့ လေးလောင်း ပြန်ကောက်လို့ရတယ်၊ ကျန်တာတွေတော့ မကောက်နိုင်ဘူး ” လို့ လည်း အဲဒီသပိတ်စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
 
အဲဒီလို စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံအရပ်သားတွေ သေဆုံးသူ ဆယ်ဦးအထက် ရှိပြီး စစ်ရှောင်ရင်း ရောဂါအခံကြောင့် သေဆုံးသူ ငါးဦး ရှိတယ်လို့လည်း အဲဒီသပိတ်စစ်ကြောင်း လူမှုကွန်ရက်က ဖော်ပြထားပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဇွန်လ ၁၁ ရက်က ထန်းတောဇာတ်ဆိပ်မှာ အရပ်သား နှစ်ဦး၊ ဇွန်လ ၁၄ ရက်မှာ အရပ်သား ၁၁ ဦးခန့်၊ ဇွန်လ ၁၉ ရက်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတဦးတို့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် စစ်ရှောင်ရင်းသေဆုံးသူ ငါးဦးခန့်မှာ အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ ပါဝင်ကာ မူလက ရောဂါအခံရှိသူတွေ ဖြစ်သလို ဆေးကုဖို့ အခက်အခဲရှိလို့ သေဆုံးတယ်လို့လည်း ဆက်လက်ဖော်ပြထားတာ တွေ့ရပါတယ်။
 
အဲဒီထဲက လေဖြတ်ထားတဲ့ အမျိုးသမီး အဖွားအိုတဦးကတော့ အိမ်ထဲမှာ ပိတ်မိပြီး အစာရေစာ ပြတ်လပ်ကာ သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းဟာ တိုက်ခိုက်ခံရတဲ့ ညောင်ပင်ကြီး ရဲစခန်းကို အခိုင်အမာ ပြန်လည်တည်ဆောက်နေပြီး ဒေသခံ အရပ်သား သုံးဆယ်ထက်မနည်းကို လုပ်ငန်းခွင်မှာ တရက်တသောင်း ပေးကာ ခိုင်းစေနေသလို ပစ္စည်းတွေ သယ်ယူဖို့ စက်လှေတွေ ချောဆွဲတာတွေလည်း ရှိနေပါတယ်။
 
ဒါ့အပြင် စစ်ကြောင်းထိုး မီးရှို့တာကြောင့် ညောင်ပင်ကြီးရွာနဲ့ အနီးတဝိုက်က ကျေးရွာတွေက အိမ်ခြေပေါင်း ခုနှစ်ရာဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့သလို ဒေသခံပေါင်း ခြောက်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုစစ်ငြိမ်းက ပြောထားပါတယ်။
 
ဓာတ်ပုံ – Google