ဇွန်၊ ၂၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ အထက်တန်းကျောင်း အနီးမှာ ဇွန်လ ၂၂ ရက် ညနေ ၃ နာရီခန့်က လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ပြည်သူ့စစ် အဖွဲ့ဝင်တဦး သေဆုံးကာ တဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
“ ကလေးကို ကျောင်းသွားကြိုတာ၊ အဲမှာ ဗုံးပေါက်လို့ ဆိုပြီး စစ်သားတွေ ရဲတွေ ရောက်နေတာ တွေ့လိုက်တာ၊ ပြည်သူ့စစ်တဦး သေသွားတယ်၊ နောက်တဦး ဒဏ်ရာရသွားတယ်၊ သူတို့ကို ကားနဲ့သယ်သွားတာ။ ကျောင်းကိုတောင် နည်းနည်းနောက်ကျမှ ပြန်လွှတ်ပေးလိုက်ရတယ် ” လို့ ကမာဝက်မြို့မှ ကျောင်းသားမိဘတဦးက DNA ကို ပြောပါတယ်။
ကမာဝက်မြို့ အခြေခံပညာအထက်တန်းကျောင်းရဲ့ တောင်ဘက် ပေသုံးရာခန့်အကွာမှာရှိတဲ့ လုံခြုံရေးကင်းတဲကို အမည်မသိ လူတစုမှ ထောင်ထားတဲ့ လက်လုပ်မိုင်း ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးမျိုးလွင်ဟာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ အရိုးကျိုးဒဏ်ရာတွေနဲ့ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့သလို ပြည်သူ့စစ်အဖွဲ့ဝင် ဦးတင်လှိုင်မှာ ခန္ဓာကိုယ်အနှံ့မှာ ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့တာကြောင့် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
“ ဘယ်သူက ထောင်ထားတဲ့ ဗုံးလဲမသိဘူး၊ ဘယ်အချိန်ကတည်းက ထားထားလဲ မသိဘူးပေါ့၊ ကင်းတဲမှာလည်း သူတို့နှစ်ယောက်ပဲ ရှိတယ်ပြောတယ်။ ကံကောင်းတာတစ်ခုက ကလေးကျောင်းဆင်းချိန်မှာ မပေါက်ကွဲသွားတာပဲ ” လို့ အခြားမြို့ခံတဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက မြို့အဝင်မြို့အထွက်ကို ပိတ်ဆို့စစ်ဆေး ရှာဖွေတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုနဲ့ပတ်သတ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဓာတ်ပုံ – Social Media