ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင် ပစ်ခတ်ခံရလို့သေဆုံး

ဇွန်၊ ၂၃

မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရဲနိုင်အောင် ဟာ ဇွန်လ၂၂ ရက် ညနေက ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ ကျူရှင်သင်တယ်လေ၊ အဲဒီဆရာက သိတာပေါ့၊ သူအပြင်သွားရင်းနဲ့ လမ်းမှာ ပစ်ခံရတာလို့ သိရတယ်၊ သေသွားတယ်၊ သေသွားတယ်။ ဘယ်သူက ပစ်လဲမသိဘူးနော်၊ ဆရာက စိတ်ကောင်းရှိပါတယ်။ သူက အုပ်ချုပ်ရေးအထဲမှာလည်း ပါတယ်လို့ သိရတယ်။ အဲဒါကြောင့် ပစ်ခံရတာလို့ ပြောတယ် ” လို့ ကျိုက်ထိုမြို့ခံတဦးက DNA ကို ပြောပါတယ်။
 
ဇွန်လ ၂၂ ရက်၊ ညနေ ၅ နာရီခွဲကျော်ခန့်မှာ ကျိုက်ထိုမြို့နယ်စီမံကောင်စီအဖွဲ့ဝင် ဦးရဲနိုင်အောင်ဟာ ကျိုက်ပိကျေးရွာကို ဆိုင်ကယ်နဲ့ တဦးတည်းမောင်နှင်လာချိန် ကျိုက်ပိတောရကျောင်း အရှေ့မှာ အမည်မသိ သေနတ်သမားနှစ်ဦးမှ အနီးကပ်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါ တယ်။
 
သေနတ်ပစ်ခံရတဲ့ ဦးရဲနိုင်အောင်ဟာ ရင်ဘက်၊ လည်ပင်း၊ ပါး အစရှိတဲ့ နေရာတွေမှာ ကျည်ဖောက်ထွင်းဒဏ်ရာ ရှစ်ချက်နဲ့ အခင်းဖြစ်ရပ်နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
 
ဦးရဲနိုင်အောင်ဟာ ပြည်ထောင်စုဖွံ့ဖြိုးရေးနဲ့ ကြံ့ခိုင်ရေးပါတီ (USDP) မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်တဦးအဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။
 
ဒါ့အပြင်သူဟာ ကျိုက်ထိုမြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူတွေကို ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးခြိမ်းခြောက် ငွေညှစ်နေတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)က ထုတ်ပြန်ထားပါတယ်။
 
“ ဒီဘဲကြီးက ဒီအတိုင်းကြည့်လိုက်ရင် ဘာမှ မဟုတ်သလိုပဲ၊ တကယ်တမ်း လူငယ်တွေ ဖမ်းဆီးခံနေရတာ သူ့ကြောင့်အများကြီးပါတယ်၊ သူ့ကို စောင့်ကြည့်နေတာကြာပြီး၊ ကြံ့ဖွတ်ကလေ အဲဒါကြောင့်လည်း သူ့ကို ကောင်စီမှာ နေရာပေးထားတာပေါ့။ အိမ်တွေ ချိတ်ပိတ်တဲ့ကိစ္စကအစ သူပါတယ်။ အဲဒါကြောင့် အခုလို ရှင်းလင်းလိုက်တာ ” ကျိုက်ထိုမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ သတင်းပေးတွေ၊ ရပ်/ကျေးအုပ်ချုပ်ရေး အပိုင်းက တာဝန်ရှိတဲ့တွေ အပါအဝင် စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေ စုစုပေါင်း နှစ်ဆယ်ဦးထက်မနည်းကို ရှင်းလင်းခံခဲ့ရတယ်လို့ DNA က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
 
စစ်တပ်အာဏာသိမ်းတဲ့အချိန်ကနေ အခုကာလအထိ NUG၊ PDF တို့ရဲ့လက်ချက်နဲ့ နိုင်ငံ့ဝန်ထမ်း တထောင်နီးပါး အပါအဝင် လူ ၅၈၀၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက မကြာသေးခင်က ပြောထားပါတယ်။
 
ဓာတ်ပုံ – CJ