ဝက်လက်မှာ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီးနောက် အရပ်သားနှစ်ဦးကို ပစ်သတ်ပြီး နှစ်ဦးကို ဖမ်းဆီး

ဇွန်၊ ၂၃
 
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ တကောင်းမင်းကျေးရွာ မှာ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာထဲရှိ အရပ်သားနှစ်ဦးကို ပစ်သတ်ခဲ့ကာ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ Eagle Guerilla Force အဖွဲ့က ဗိုလ်ကောက်ရိုးက ပြောပါတယ်။
 
“ တကောင်းမင်းရွာ အဝင်မှာ ဆိတ်ကျောင်းနေတဲ့ နိုင်စိုး၊ အဲ့ခလေးက ဆိတ်ကျောင်းနေတာ အဲ့တာ သူ့ကို သေနတ်နဲ့ ပစ်သတ်တဲ့အပြင်ကိုမှ သေနတ်ဒင်တွေနဲ့ ဝိုင်းထုတာ ခေါင်းက သုံး ခြမ်းကွဲသွားတာ။ အဲမှာ ဦးနှောက်ကို မရှိတော့ဘူး၊ ဦးစိန်မြင့်က‌တော့ သူက စစ်ခွေးတွေ ဘယ်ရောက်နေလဲ ကြည့်တာနေမှာ ကျွန်တော့်အထင် သစ်ပင်ပေါ်ကနေ အဲ့ချိန်သူက အဝေးကို ကြည့်တုန်း သစ်ပင်အောက်ရောက်လာပြီး ပစ်သတ်သွားတာ။ သစ်ပင်ခြေရင်းမှာ ဖိနပ်ပဲတွေ့တယ်။ လူက ကန်ပေါင်ရိုးပေါ်မှာ ပြုတ်ကျနေတယ် “ လို့ ဗိုလ်ကောက်ရိုးက ဆိုပါတယ်။
 
ဝက်လက်မြို့ မှာ အင်အား ခုနှစ်ဆယ်ပါ စစ်ကြောင်းဟာဇွန်လ ၂၂ ရက်၊ မနေ့က မနက် ၈ နာရီခွဲမှာ တကောင်းမင်းကျေးရွာကို စစ်ကြောင်းထိုးလာစဉ် သဖန်းကုန်းကျေးရွာနဲ့ တကောင်းမင်းကျေးရွာကြား ဝက်သိုးကုန်းနဲ့ ဖုတ်ကုန်းအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
” ကျွန်တော်တို့ မိုင်းထောင်ထားတာ သွားဖြုတ်ပေါ့ဗျာ။ ဝက်သိုးကုန်းနဲ့ ဖုတ်ကုန်းအနီးမှာ မိုင်းဆွဲတော့ သူတို့ဖက်က လေးကောင်လောက် လေပေါ်မြောက်တက်သွားတယ်ဗျ။ ကျွန်တော်တို့က မိုင်းဆွဲရုံပဲ သွားတာဆိုတော့လေ။ ဘာမှမယူသွားဘူး။ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တော့ လက်နက်တွေကတော့ ကောက်လို့မရခဲ့ဘူး။ ပစ်တော့ ခြေကုန်သုတ်ပြေးခဲ့ရတာပဲ ” လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။
 
အဲဒီလို တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ တကောင်းမင်းကျေးရွာ မှ အသက် သုံးဆယ်အရွယ် ဆိတ်ကျောင်းသား ကိုနိုင်စိုးကို နဲ့ အသက် ငါးဆယ်အရွယ်ခန့်ရှိ ဦးစိန်မြင့် တို့ကို သေနတ်နဲ့ ပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ တကောင်းမင်းကျေးရွာထဲရှိ နေအိမ် ၁၅ လုံးခန့်၊ ဆိုင်ကယ်ကိုးစီးနဲ့ ကား တစီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး တကောင်းထောင့်ကျေးရွာက အရပ်သားနှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ Wetlet Information Netwet တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ ပြည်သူပိုင် ပစ္စည်းတွေကို သူတို့ လုပ်နေကျအတိုင်း မီးရှို့တယ်။ တကောင်းထောင့်က နှစ်ယောက်ကို ဖမ်းလာတယ်။ တကောင်းဝင်တုန်းက ပါလာတာ ပြီးတော့ ခုလက်ရှိတော့ ဖမ်းခံရတဲ့သူ အခြေနေ မသိရသေးဘူး ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်၊
 
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ လှတောရွာသို့ ဝင်သွားခဲ့ပြီး လက်ရှိအချိန်မှာ ကျီးကန်ကျေးရွာမှာ အထိုင်ချနေကာ အနီးဝန်းကျင်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။
 
စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီရှို့ဖျက်ဆီးနေတာကြောင့် ကျီးကန်းတောင်ရွာ၊ မြောက်ရွာ၊ မဲကုန်း၊ တံတားဦး၊ အုတ်ဖိုကုန်း၊ ဦးတည်ကုန်း၊ ရွာတော်ကုန်း၊ တမာကုန်း၊ ရွာသာကြီး၊ မဂင်လာရေစဉ်၊ မကျီးဖြူ၊ စစ်ကိုင်းမြို့နယ်၊ မြင်းကြွနဲ့ ဆားတောင်ရွာမှ ဒေသခံတွေဟာ ဘေးလွတ်ရာကို စစ်‌ရှောင်နေရတယ်လို့ Wetlet Information Network တာဝန်ရှိသူက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media